မဲခေါင်၊ အောက်တိုဘာ ၅
တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။
G2 ဗိုလ်မှူးညီညီအောင်သွေးမှာ ဝမ်ကောင်းပြည်သူ့စစ် စည်သူနှင့် ပေါင်းကာ အွန်လိုင်းဂိမ်းများ၊ ကျားဖြန့်များနှင့် အခြားဖမ်းဆီးရမိသည့် သက်သေပစ္စည်းများကို စာရင်းဖျောက်ကာ ရောင်းစားနေကြခြင်းဖြစ်ပြီး ယင်းထဲတွင် စမတ်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဗျူဟာမှူးသိမ်းခိုင်းလို့ဆိုပြီး သိမ်းသိမ်းသွားတာ။ ပြီးရင် စာရင်းပျောက်သွားရော။ ဖုန်းတစ်လုံး ဘတ်တစ်ထောင်နဲ့ တွက်ရင်တောင် မနည်းဘူး” ဟု ၎င်းက ပြောသည်။
G2 ဗိုလ်မှူးညီညီအောင်သွေးမှာ ပြီးခဲ့သည့် လပိုင်းက တာချီလိတ်မြို့ခံများ အကြပ်ရိုက်စေသည့် တပိုငတနိုင်ကုန်စည်များ ဖမ်းဆီးမှုကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး ပြည်သူလူထုနှင့် ဆက်ဆံရာတွင်လည်း မောက်မာသူဖြစ်ကြောင်း၊ လတ်တလောတွင် တာချီလိတ်၌ ဗျူဟာမှူး အပြောင်းအလဲရှိနေချိန်တွင် ၎င်းကို ထိရောက်စွာ အရေးယူစေလိုကြောင်း ဒေသခံများကပြောသည်။
“ကလေးရော၊ လူကြီးရော မသိဘူး။ ငေါက်ငမ်းဆဲဆိုနေတော့ ဒီလိုလူမျိုးကို ဒေသခံတွေက မကြိုက်တာ မဆန်းပါဘူး။ တချို့ပြသနာတွေက သူ့ကြောင့် မလိုလားအပ်ဘဲ ကြီးထွားသွားတာ။ တံတားပေါ်က ဖမ်းတာမျိုးဆိုရင် သူ့ကြောင့်ပိုဆိုးသွားတာ။ ” ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။
G2 ဗိုလ်မှူးညီညီအောင်သွေးမှာ ၂၀၂၄ခုနှစ်မှ စတင်တာ တာချီလိတ်မြို့တွင် ဖမ်းဆီးမှုများတွင် ပါဝင်ခဲ့ကာ ဖမ်းဆီးရမိသည့် အမှုများမှ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားတတ်ကြောင်း နီးစပ်သူများကပြောသည်။
ဗိုလ်မှူး ညီညီအောင်သွေးမှာ ဖမ်းဆီးရမိသည့် ဘတ်ငွေသန်းဆယ်ပေါင်းများစွာ စာရင်းဖျောက်သည်ဟု နာမည်ကြီးခဲ့သည့် ရီဂျီးနားဟိုတယ် လောင်းကစားရုံဖမ်းဆီးရမိမှုတွင်လည်း ဦးဆောင်ပါဝင်သူဖြစ်သည်။
#MeKongNews
#တာချီလိတ်
#အခြေချစစ်ဗျူဟာ
#ဗိုလ်မှူးညီညီအောင်သွေး
#အွန်လိုင်းဂိမ်း
#ကျားဖြန့်








