မဲခေါင်၊ အောက်တိုဘာ ၂
တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
တရုတ်ဘက်မှ ပေးပို့လာသည့် တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြောင်းကြားချက်အရ နယ်စပ်ထိန်းချုပ်မှုကို တိုးမြှင့်ရန် ယင်းကဲ့သို့ ညွှန်ကြားခြင်းဖြစ်သည်ဟု ညွှန်ကြားချက်တွင်ဖော်ပြသည်။
အဆိုပါ ညွှန်ကြားချက်တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၇ ရက်အထိ တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက်ကာလ နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုအစည်းအဝေးကျင်းပမည့် အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ သတ်မှတ်ကာလနှစ်ခုအတွင်း ဒေသအသီးသီး၌ ရဲတပ်ဖွဲ့အင်အားအသုံးပြု၍ နယ်စပ်တစ်လျှောက် ကင်းလှည့်စောင့်ကြပ်ရေးနှင့် စစ်ဆေးရေး ပိုမိုတင်းကြပ် စီမံခန့်ခွဲမှုများကို အားဖြည့်ဆောင်ရွက်ရန် ဖော်ပြထားသည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော် တရားမဝင်မှုခင်းများကို နှိမ်နင်းရေး အားကောင်းစေရန်နှင့် အမှုအခင်းဖြစ်ပွားမှုများပြားသည့် နေရာများတွင် တင်းကြပ်စွာ ကြိုတင်ကာကွယ်ထိန်းချုပ်ရန်လည်း ညွှန်ကြားထားသည်။
အဆိုပါကာလအတွင်း နှစ်နိုင်ငံနယ်စပ်ဒေသများ၏ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည့် ဖြစ်စဉ်များ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်လုံခြုံရေးကို အာမခံနိုင်ရေးအတွက် သက်ဆိုင်ရာ တရားရေးကော်မတီများက စီမံဆောင်ရွက်ရန်လည်း အကြောင်းကြားထားသည်။
“ဝ”တပ်ဖွဲ့ -UWSA သည် ယခင်တွင်လည်း တရုတ်နိုင်ငံ၏ အရေးကြီးအစည်းအဝေးနှင့် နေ့ထူးနေ့မြတ်များတွင် နယ်စပ်ဒေသတည်ငြိမ်ရေးကို အာမခံနိုင်ရန် အင်အားဖြည့် ကင်းလှည့်ခြင်း တင်းကြပ်စစ်ဆေးခြင်းများကို ဆောင်ရွက်လေ့ရှိသည်။
#MeKongNews
#ဝတပ်ဖွဲ့
#တရုတ်
#အမျိုးသား
#ကွန်မြူနစ်
#ဗဟိုကော်မတီ








