မဲခေါင်၊ စက်တင်ဘာ ၂၉
ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၁ စီး အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၈ ရက်တွင် နံနက် ၁၁ နာရီခွဲဝန်းကျင်မှ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ဒီးမော့ဆိုအနောက်ခြမ်းရှိ အရပ်သားနေရာ ၂ ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းအပြင် Y-12 လေယာဉ်ဖြင့်လည်း ထပ်မံဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသားမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။
“ဒဏ်ရာပြင်းထန်တဲ့ တစ်ယောက်က ဗုံးခိုကျင်းထဲ ဝင်ဖို့လုပ်တဲ့အချိန်မှာ ဗိုက်ကိုထိသွားတာ သူကတော့ စိုးရိမ်ရတယ်။ သူ့သမီးလည်း ထိတယ်။ အခုတော့ ဆေးကုနေပြီ”ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးကပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ ဂျက်ဖိုက်တာ ၂ စီးအနက် တစ်စီးသည် ဒီးမော့ဆိုအနောက်ခြမ်းရှိ နေရာများကို အကြိမ်ကြိမ် ဗုံးကြဲခဲ့ပြီး Y-12 လေယာဉ်ကလည်း ပျံဝဲကာ ထပ်မံဗုံးကြဲခဲ့ကြောင်း သိရသည်။ တစ်ကြိမ်လျှင် ဗုံး ၅ လုံးခန့်အထိ ကြဲချခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ယမန်နေ့ညတွင်လည်း စစ်ကောင်စီတပ်က အသေခံဒရုန်းများဖြင့် အဆိုပါဒေသအတွင်း ပျံဝဲနေခဲ့သဖြင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ မိဘမဲ့ကလေးများ နေထိုင်ရာနေရာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခု စက်တင်ဘာလအတွင်းတွင် ကရင်နီပြည်ရှိ အရပ်သားနေထိုင်ရာနေရာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများ၏ မှတ်တမ်းများအရ သိရသည်။
#MeKongNews
#ဒီမော့ဆို
#စစ်ကောင်စီ
#လေယာဥ်
#ဗုံးကြဲ
#သေဆုံး








