မဲခေါင်၊ စက်တင်ဘာ ၂၃
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ အမှတ် (၁၀၁၁) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တရားဝင် တပ်ရင်းတစ်ရင်းအဖြစ် ရပ်တည်ခဲ့သည်မှာ ၃ နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။
အမှတ် (၁၀၁၁) တပ်ရင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ရင်းတစ်ရင်းအဖြစ် တရားဝင်ရပ်တည်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းအနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် စည်းလုံးညီညွတ်ရေးခရီးမှာ ၂၀၂၇ ခုနှစ် ဇွန် ၁၁ ရက်တွင် ၅ နှစ်ပြည့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စက်တင်ဘာ ၁၃ ရက်က တပ်တည်ထောင်တဲ့ရက် အမှန်ပါ၊ မြေပြင်အခြေအနေကြောင့် ပွဲကိုရော နေ့ကိုရော ခုမှ ထုတ်ပြန်ရတာပါ” ဟု တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်ရင်းအနေဖြင့် ပအိုဝ်းအမျိုးသားအမည်ကို အသုံးပြုထားသော်လည်း လူမျိုးရေးကို အခြေခံထားခြင်းမရှိဘဲ တိုင်းရင်းသားနောက်ခံမတူညီသည့် ရဲဘော်များ ပါဝင်ပြီး အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ ရပ်တည်နေသည်ဟု ဆိုသည်။
၃ နှစ်တာကာလအတွင်း တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များ၊ တာဝန်ထမ်းဆောင်ရင်း သွေး၊ ချွေးနှင့် အချိန်ပေးဆပ်ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းတင်ထားပြီး ပြည်တွင်းပြည်ပရှိ ပြည်သူများ၊ အလှူရှင်များ၊ မိတ်ဖက်နှင့် မဟာမိတ်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရှေ့ဆက်ကာလတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် မိတ်ဖက်နှင့် မဟာမိတ်အဖွဲ့များ၊ ပြည်သူများနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှတ် (၁၀၁၁) တပ်ရင်းက ထုတ်ပြန်ထားသည်။
#MeKongNews
#ပအိုဝ်း
#တည်ထောင်ခြင်း
#သုံးနှစ်ပြည့်
#PNDF








