မဲခေါင်၊ စက်တင်ဘာ ၂၁
တာချီလိတ် တံတား (၁)မှ စားသောက်ကုန်နှင့် လူသုံးကုန်များကို သုံးဘီးနှင့် ယာဉ်ငယ်များဖြင့် တင်သွင်းမှုကို ဖမ်းဆီးနေသော်လည်း ကြက်ဥတစ်လုံးဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်ပြီး ၄ဘတ်မှ ၅ဘတ်ကြားဈေးနှုန်းဖြင့် ဝယ်ယူရရှိနေကြောင်း ဒေသခံများက မဲခေါင်သို့ပြောသည်။
ထိုင်းသတင်းဌာနအချို့တွင် ဖမ်းဆီးမှုများကြောင့် တာချီလိတ်မြို့တွင် ကြက်ဥတစ်လုံး ၁၅ ဘတ်အထိဈေးတက်သွားသည်ဟု ရေးသားမှုများ မှားယွင်းနေကြောင်း ဒေသခံများက တုံ့ပြန်ပြောဆိုသည်။
“အခုပဲသွားဝယ်လာတာ။ ၁၀ လုံးကို ၄၀ ရှိတယ်၊ ၄၅ ဘတ်ရှိတယ်၊ ၅၀ ရှိတယ်။ အိမ်ကြက်ဥမှ တစ်လုံး ၁၀ ဘတ်ရှိတာ။ ကြက်ဥကတော့ အများကြီးဈေးမတက်ပါဘူး။ ၁၀လုံးဈေးမှ ၅ဘတ်လောက်တက်တာမျိုးပဲရှိတယ်” ဟု ဝမ်ကောင်းရပ်ကွက်မှ ကိုယ်တိုင်ကြက်ဥသွားဝယ်လာသူတစ်ဦးက စက်တင်ဘာလ ၂၁ရက် ညနေ ၄နာရီခန့်တွင် မဲခေါင်သို့ပြောသည်။
ထိုင်းသတင်းဌာနအချို့တွင် မြန်မာစစ်ပတ်မှ ဖမ်းဆီးမှုများကြောင့် ကုန်စည်စီးစည်မှု နှေးကွေးသွားပြီး တာချီလိတ်ဘက်တွင် ကြက်ဥတစ်လုံး ၁၅ဘတ်အထိဈေးတွက်သွားကြောင်း ရေးသားဖော်ပြထားပြီး မြန်မာသတင်းဌာနအချို့မှလည်း ဘာသာပြန်ဆိုဖော်ပြထားသည်ကို တွေ့ရသည်။
စက်တင်ဘာလ ၁၅ရက်မှ စတင်ကာ မြန်မာဘက်အခြမ်း တာချီလိတ်တွင် မယ်ဆိုင်ဘက်မှ သုံးဘီး၊ မှန်လုံယာဉ်များဖြင့် အသားငါးနှင့် ဟင်းသီးဟင်းရွက် တင်သွင်းလာသည် ဖမ်းဆီးနေသည့်အတွက် လူဖြင့် ကဲ့ယူနေရခြင်းဖြစ်ပြီး ကုန်ဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။
သို့သော် ကြက်ဥတစ်လုံး ၁၅ ဘတ်ဆိုသည်မှာမူ မဟုတ်ကြောင်း၊ ၅ဘတ်သာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#တာချီလိတ်
#ကြက်ဥဈေး
#စားသောက်ကုန်
#အေးခဲသားငါး
#ဥဈေး
ပုံအညွှန်း – တာချီလိတ်မှ ကြက်ဥ








