မဲခေါင်၊ သြဂုတ် ၂၇
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။
နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့ (သြဂုတ် ၂၇) ည ၇ နာရီခန့်က သေနတ်သံများကြားရကြောင်း မြို့နေဒေသခံများကလည်း အတည်ပြုသည်။
“သေနတ်သံ ၃ ချက် ကြားရတယ်” ဟု မဲခေါင်သတင်းရင်းမြစ်က ပြောဆိုပြီး ရဲနှင့်စစ်သား အချင်းချင်းပစ်ခတ်သည့် သတင်းလည်း ကြားရကြောင်း နောက်ထပ်သတင်းရင်းမြစ်က ပြောသည်။
“အတိအကျတော့ မသိရသေးဘူး” ဟု နမ့်စန်မြို့ ၄ ရပ်ကွက်တွင် နေထိုင်သူက ပြောသည်။
နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကမူ နမ့်စန်မြို့လယ် နာရီစင်အနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သားသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ နမ့်စန်မြို့မရဲစခန်းတွင် ပစ်ခတ်သည့် ရဲတပ်ဖွဲ့ဝင်ကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးဆောင်ရွက်သွားမည်ဟု မဲခေါင်က စုံစမ်းသိရှိရသည်။
နမ့်စန်မြို့နယ်တွင် စစ်ကောင်စီ၏ အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၄)နှင့် လေတပ်စခန်းဌာနချုပ်များ ရှိနေပြီး နားရိုင်းပြည်သူ့စစ်၊ SSS၊ မတ်ကျန်း စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အခြေစိုက်လှုပ်ရှားရာ ဒေသလည်း ဖြစ်သည်။
ရဲမှ ပစ်ခတ်သဖြင့် သေဆုံးသွားသူမှာ GE တပ်မှ အရာရှိတစ်ဦးဖြစ်ပြီး ဆေးခန်းရှေ့ ကားပိတ်ရပ်ရာမှ စကားများကြပြီး ဗုံးခွဲမည်ဟု ခြိမ်းခြောက်သဖြင့် ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု Hsan Loi Voice သတင်းဌာနက ရေးသားထားသည်။
#MeKongNews
#ရှမ်းတောင်
#နမ့်စန်
#စစ်သား
#ရဲ
#ပစ်ခတ်မှု
Photo : Crd








