မဲခေါင်၊ သြဂုတ် ၂၅
ရှမ်းပြည်မြောက်ပိုင်း ၊ စစ်ကောင်စီထိန်းချုပ်လားရှိုးမြို့၊ ရပ်ကွက် ၄ သို့ ရှော့တိုက်ဒုံးဟု ယူဆရသည့် ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။
အဆိုပါ ဗုံးသီးမှာပြီးခဲ့သည့် သြဂုတ်၂၂ ရက်က လားရှိုးမြို့၊ ရပ်ကွက်၄၊ ကျန်စစ်သားလမ်း သွယ် ရှိ အိမ်ဝိုင်းတစ်ခုအတွင်းကျရောက် ခဲ့ခြင်းဖြစ်သည်။
“ရပ်ကွက် (၄)၊ နယ်မြေ (၁၆)ကျန်စစ်သားလမ်လမ်းသွယ်ထဲမှာ၊ အိမ်ဝိုင်းထဲကျတာ၊ ရေမြောင်းထဲ ကျတာ မဟုတ်ဘူး၊ အိမ်ဝိုင်း အုတ်တံတိုင်းထောင့်မှာ ကျတာ၊ပျက်စီးမှုတော့ နည်းတယ် ဗုံးသီးကသေးတော့ တော်တန်ရုံမကြားကြသလို လူမနေတဲ့ အိမ်ဝန်းထဲကျတာဆိုတော့ အထိအ ခိုက် မရှိဘူး” ဟုမြေပြင်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါနေရာကို ဂေါ်ရခါးကျောင်းရှေ့ ဓမ္မဓံသီ ဓမ္မာရုံ ၂ လမ်းမြောက်နေရာဟု ထပ်ဆင့်ပြောကြားကာ ၎င်းက ဆက်ပြောသည်။
“အိမ်ဝိုင်းကလည်း သော့ပိတ်ထားလို့ သက်သေတော့ ယူလို့မရဘူး၊အုတ်တံတိုင်းခြေမှာ ကျတာ၊တစ်လုံးတည်းပဲ၊ပုံစံကြည့်ရတာတော့ သေးသေးလေးပါပဲ၊ရှော့တိုက်ဒုံးတော့ မဟုတ်ဘူး” ဟု ဆိုသည်။
အဆိုပါ လက်နက်အမျိုးအစားနှင့်ပတ်သက်၍ CDM ဗိုလ်ကြီးဇင်ယော်က ‘”ရှော့တိုက်ဒုံး မဟုတ်ရင်တော့ (RPG) လို ပုံစံမျိုး ဖြစ်မယ် ထင်တယ်၊ဒါပေမဲ့ သူတို့က သေးလို့မလို့ ရှော့တိုက်ဒုံး မဟုတ်ဘူးလို့ ထင်တာ၊အခုနောက်ပိုင်းမှာ ရှော့တိုက်ဒုံးက 107 ထက် သေးတဲ့ 40 mm တွေလည်း လက်လုပ်တွေလည်း ရှိတယ်” ဟု ပြောသည်။
၎င်းကပင် လားရှိုး၏ စစ်ကောင်စီကို MNDAAအပြင် အခြား တတိယ အဖွဲ့အစည်း၊ တော်လှန် ရေးအဖွဲ့အစည်းတွေကပါ တိုက်ခိုက်ရန် ကြိုး စားနေသည်ဟုထင်ကြောင်း၊ စစ်ကောင်စီဘက်ကလည်း လုံးဝ သတင်းမထွက်ဘဲရှိနေကြောင်း သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့်ဇူလိုင် ၉ ရက် ညနေပိုင်းတွင် ရှော့တိုက်ဒုံးအနည်းဆုံး ၄လုံးပစ်ခံရသဖြင့်
ရပ်ကွက် ၆ ၊ ရပ်ကွက် ၁၀ တို့တွင်ကျရောက် ပေါက်ကွဲခဲ့ရာရပ်ကွက်၁၀၊နယ်မြေ၇ စွန်းလွန်းကျောင်းအနီးနားအိမ်မှ အသက် ၃၈ နှစ်အရွယ်ရှိ နန်းခမ်းအေးဆိုသူ သေဆုံးခဲ့ရပြီးအခြား မြို့ခံတစ်ဦး ဒဏ်ရာရသည့်ဖြစ်စဥ်ရှိခဲ့သေးသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း က လားရှိူးဆင်တောင်ဘက်ရှိ စစ်စခန်းနေရာနှင့် ဖေဖော် ဝါရီလအတွင်းက ရပ်ကွက် ၉ အတွင်း ရှော့တိုက်ဒုန်းများ ကျရောက်ခဲ့သေးသည်။
MNDAA ထိန်းချုပ်ထားသည့် လားရှိူး မြို့ပေါ် ရပ်ကွက် ၁၂ ခုကို တရုတ်ဖိအားကြောင့် စစ်တပ်ကို ပြီးခဲ့သည့်နှစ် ဧပြီ ၂၄ ရက်က လွှဲပေးခဲ့သော်လည်း မြို့ပြင်ပတ်ပတ်လည်၌ MNDAA တပ်များ နေရာယူထားလျက်ရှိသည်။
#MeKongNews
#ရှမ်းမြောက်
#လားရှိုး
#ရှော့တိုက်ဒုံး
#စစ်ကောင်စီ
#တော်လှန်ရေး








