မဲခေါင် | ဩဂုတ် ၂၄
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် မူးယစ်ဆေးဝါးများ လူငယ်များအကြားသာမက စာသင်ကျောင်းများရှိ ကျောင်းသားများထံအထိ ပျံ့နှံ့လာနေပြီး စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
နောင်ချိုမြို့ရှိ KTV ဆိုင်အချို့တွင် မူးယစ်ဆေးဝါးများ သုံးစွဲနေကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများ သိရှိနေသော်လည်း ထိရောက်စွာ အရေးယူမှုမရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။
KTV အချို့တွင် “K” ဟုခေါ်သည့် မူးယစ်ဆေးဝါးနှင့် “Happy Water” ဟုခေါ်သည့် မူးယစ်ဆေးဝါးများ သုံးစွဲနေကြသည်ဟုလည်း ဆိုသည်။
ဇွန်လ ၂၄ ရက် မနက် ၄ နာရီခန့်တွင် နောင်ချိုမြို့ရှိ Angel KTV မှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၄ ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ မူးယစ်ဆေးဝါးများ သုံးစွဲပြီးနောက် သတိလစ်မေ့မျောသည့်အခြေအနေဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည်ဟုဆိုသော ရဲတပ်ဖွဲ့ဝင်မှာ “ဇင်ကိုထက်” ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
အဆိုပါဖြစ်စဉ်ကို အထက်တာဝန်ရှိသူများထံ မရောက်ရှိစေရန် ဖုံးဖိထားခဲ့ပြီး KTV မန်နေဂျာကိုလည်း ခေတ္တထိန်းသိမ်းခဲ့ကာ ဇွန်လ ၂၆ ရက်တွင် KTV မှ အမျိုးသမီး ၅ ဦးကို ခေါ်ယူစစ်ဆေးပြီး ဇွန်လ ၂၉ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
ထို့အပြင် ဇူလိုင်လ ၂၅ ရက်က နောင်ချိုမြို့ အထက(၁) ကျောင်းတွင် ၇ တန်းကျောင်းသားတစ်ဦးက ဆေးခြောက်ဟု ယူဆရသည့် အရာကို ကျောင်းသို့ ယူဆောင်လာပြီး မုန့်အတွင်းထည့်ကာ အခြားကျောင်းသားများကို ကျွေးခဲ့သဖြင့် ကျောင်းသားအချို့ မူးဝေပြီး ပြဿနာဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါ ကျောင်းတွင်းဖြစ်စဉ်ကိုလည်း အထက်တာဝန်ရှိသူများ မသိရှိစေရန် ဖုံးဖိထားခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
“အခုက မူးယစ်ဆေးဝါးတွေ လူငယ်တွေအကြားမှာပဲ ရှိတာမဟုတ်တော့ဘဲ ကျောင်းသားတွေလက်ထဲအထိ ရောက်လာတာက တော်တော်စိုးရိမ်စရာကောင်းပါတယ်။ ကျောင်းသားတွေရဲ့ အနာဂတ်အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးဖို့ လိုပါတယ်” ဟု အမည်မဖော်လိုသည့် နောင်ချိုဒေသခံတစ်ဦးက ပြောသည်။
နောင်ချိုမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဖြန့်ဖြူးသူများကို ရပ်ကွက်အတွင်းမှ ဖမ်းဆီးပေးသည့်အခါတွင်ပင် အမှုဖွင့်အရေးယူခြင်းမရှိဘဲ ပြန်လွှတ်ပေးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ နောင်ချိုမြို့ရှိ KTV အချို့တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်များ ထပ်မံဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများဘက်က ထိရောက်စွာ အရေးယူခြင်းမရှိသည့်အတွက် မူးယစ်ဆေးဝါးများ ပိုမိုပျံ့နှံ့လာမည်ကို စိုးရိမ်နေကြသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများသည် ကျောင်းသားများထံအထိ ရောက်ရှိလာနေခြင်းကြောင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲမှုများကို ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးရန်နှင့် ကျောင်းသားလူငယ်များကို ကာကွယ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
#MeKongNews
#နောင်ချို
#မူးယစ်ဆေး
#ကျောင်းသား
#လူငယ်
#ရှမ်းမြောက်








