မဲခေါင်၊ ဩဂုတ် ၂၄
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော်လည်း အရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးမျိုးသန့် ဆိုသူသည် ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိပြီးနောက် ၎င်း၏ တပည့်ဖြစ်သူ ဗိုလ်ကြီးပြည့်ဖြိုးခိုင် နှင့်အတူ မူးယစ်ဆေးဝါးများ သုံးစွဲနေသည့်အပြင် တာချီလိတ်မှ တောင်ကြီးသို့ လိုင်စင်မဲ့ (Without) မော်တော်ယာဉ်များ သယ်ပို့ရောင်းချလျက်ရှိကြောင်း ဒေသခံ စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။
ဗိုလ်မှူးမျိုးသန့် ဆိုသူသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က တောင်ကြီးမြို့ရှိ Royal Taunggyi ဟိုတယ် ကေတီဗွီ အခန်းတစ်ခန်းအတွင်း၌ ၎င်း၏ လက်ဝယ်တွင် ကတ်တမင်း (K) နှင့် Happy Water မူးယစ်ဆေး ၈ ထုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သော်လည်း အမှုဖွင့် ဖမ်းဆီးခံရခြင်း မရှိဘဲ ချက်ချင်း ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
လက်ရှိတွင် ၎င်းသည် ကျိုင်းတုံမြို့ အခြေစိုက် ဆက်သွယ်ရေးတပ်မှ တပည့်ဖြစ်သူ ဗိုလ်ကြီး ပြည့်ဖြိုးခိုင်နှင့်အတူ အပျော်အပါး ကေတီဗွီ အခန်းများအတွင်း Happy Water မူးယစ်ဆေးဝါးများ ဆက်တိုက် သုံးစွဲနေကြောင်း၊ ၎င်းတို့ ဆရာတပည့် နှစ်ဦး၏ အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လိုင်စင်မဲ့ မော်တော်ယာဉ်များကို တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ စစ်တပ်အရှိန်အဝါ သုံးကာ သယ်ယူ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း၊ ပြည့်ဖြိုးခိုင်မှာ ထွေအုပ်ရုံးမှ အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့်လည်း ဖောက်ပြန်မှုများရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တပ်က ဗိုလ်မှူးမျိုးသန့်က တောင်ကြီးမှာ Happy Water တွေနဲ့ မိလို့ ပြဿနာတက်တာတောင် ၂ ရက်လောက်နဲ့ ကျိုင်းတုံကို ပြန်ရောက်လာတာ။ အခုလည်း သူတို့အတွဲတွေ ဟိုတယ်တွေမှာ သွားပျော်ပါးကြပြီး Happy Water တွေ အတူတူ သုံးနေကြတာပဲ။ အဓိကကတော့ သူတို့ ဆရာတပည့် နှစ်ယောက် တာချီလိတ်ကနေ တောင်ကြီးကို Without ကားတွေ အမြဲ သယ်ပို့ ရောင်းစားနေကြတာ” ဟု ယင်းသတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
စစ်ကောင်စီသည် သာမန် အရပ်သား ပြည်သူများအပေါ် မူးယစ်ဆေးဝါးနှင့် လိုင်စင်မဲ့ယာဉ် စီးနင်းမှု ခေါင်းစဉ်များဖြင့် ဖမ်းဆီးအရေးယူမှုများ ပြင်းထန်စွာ ပြုလုပ်နေသော်လည်း စစ်တပ်အရာရှိများ မူးယစ်ဆေးဝါးနှင့် လက်ပူးလက်ကြပ် မိသည့်အခါ ဖုံးဖိပေးထားပြီး၊ စစ်တပ်အရာရှိများ ကိုယ်တိုင်က မူးယစ်ဆေး သုံးစွဲကာ လိုင်စင်မဲ့ကား မှောင်ခို သယ်ပို့နေခြင်းအပေါ် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
#MeKongNews
#ကျိုင်းတုံ
#ဆက်သွယ်ရေးတပ်
#မူးယစ်ဆေးဝါး
#လိုင်စင်မဲ့ကား








