မဲခေါင်၊ ဩဂုတ် ၁၈
ကွတ်ခိုင်မြို့နယ်တွင် တအာင်းအလံ၊ တအာင်းစာပေ အသုံးပြုခွင့်ကို ပိတ်ပင်ထားသည့် ကိုးကန့်တပ်ဖွဲ့- MNDAA က တအာင်းစာပေနေ့အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲကျင်းပခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ ၏ ယမန်နေ့ထုတ်ပြန်ချက်အရ သိရသည်။
၅၄ နှစ်မြောက် တအာင်းစာပေနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘောလုံးပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ပြီး ဖွင့်ပွဲကို ကိုးကန့်ခရိုင်တာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက်ခဲ့သည်ဟု MNDAA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ဖွင့်ပွဲအခမ်းအနားတွင် MNDAA၏ ဒုတိယ ကိုးကန့်ခရိုင်မှူး မစ္စတာ ဂျန်လီမင်းက “တအာင်းလူမျိုးတို့၏ ရှည်လျားသော သမိုင်းကြောင်း၊ နက်ရှိုင်းသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကြိုးစားရိုးသားမှု စိတ်ဓာတ်များကို ချီးကျူးဂုဏ်ပြုခဲ့သည်။ ယခုကဲ့သို့ ဘောလုံးပြိုင်ပွဲ ကျင်းပခြင်းသည် အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုခြင်းသာမက ပြည်သူလူထု၏ ယဉ်ကျေးမှုဘဝကို ကြွယ်ဝစေပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးသည့် အရေးပါသော လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။”ဟု ကိုးကန့်ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ကိုးကန့်တပ်ဖွဲ့က တအာင်းစာပေနေ့ အထိမ်းအမှတ်ပြုလုပ်နေသော်လည်း မြေပြင်တွေမူ တအာင်းစာပေအား သင်ယူခြင်း၊ အသုံးပြုခြင်းများကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပြီး ဆိုင်းဘုတ်များအားလည်း တအာင်းအလံ၊ တအာင်းစာပေဖြင့် အသုံးပြုခွင့် ပိတ်ပင်ထားဆဲဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
“အဲ့ဒါက မတရားဘူးဗျ၊ မြေပြင်မှာက တအာင်းစာပေ တအာင်းအလံကို ပေးမသုံးဘူး။ ခုထိ ပိတ်ထားတယ်။ ပြိုင်ပွဲကျင်းပတာလည်း တအာင်းစာပေနဲ့ မဆိုင်ဘူး။ တအာင်းစာပေနဲ့ပတ်သက်တာ ဘာမှမပါဘူး။ အသင်းနာမည်တောင်မှ ဗမာစာနဲ့ပဲရေးတယ်။”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
ပြီးခဲ့သည့် မတ် ၁၅ ရက်တွင် တအာင်းတပ်ဖွဲ့-TNLAထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့-MNDAAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကွတ်ခိုင်မြို့နယ်တွင် တအာင်းစာပေ အလံများ အသုံးပြုခွင့်ကို ကိုးကန့်တပ်ဖွဲ့က ပိတ်ပင်တားဆီးခဲ့ပြီး မြို့နယ်အတွင်းရှိ ဟိုနောင်၊ မန်တုံ၊ တုံဆင်ကြီး၊ ကုန်းချမ်း၊ ဟိုဆောင်၊ နမ်လတ်၊ မန်မောဝ်၊ ပန်ကူ၊ ပန်လော့၊ ပန်ဆေး၊ လုံကြိမ် စသည့် ကျေးရွာများ၏ ဆိုင်းဘုတ်နှင့်အလံများကို ဖျက်ဆီးကာ တရုတ်စာဆိုင်းဘုတ်ဖြင့် အစားထိုးခဲ့သည်။
ကိုးကန့်တပ်ဖွဲ့-MNDAA၏ ထိုလုပ်ရပ်များကို တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက်-TCSN အပါအဝင် တအာင်းပြည်သူလူထုကများက ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားသည်။
#MeKongNews
#တအာင်း
#ကိုးကန့်
#စာပေ
#အလံ








