မဲခေါင်၊ သြဂုတ် ၂
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေသည့် မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ်လ ၂ ရက်၊ နံနက် ၉ နာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၃၉၀ စင်တီမီတာ၌ ဆက်လက် ရောက်ရှိနေပြီး နောက်ထပ် ၁၂ နာရီအတွင်း ချောင်းရေ ပြန်လည် မြင့်တက်လာနိုင်သဖြင့် မြေနိမ့်ပိုင်းနှင့် ချောင်းအနီး နေထိုင်သူများ ဆက်လက် သတိပြုရန် သတိပေးထားကြောင်း သိရသည်။
မယ်ဆိုင်ချောင်းရေမှာ ယမန်နေ့က စိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းခဲ့သော်လည်း ယမန်နေ့ညပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများ ပြန်လည် စီးဝင်လာပြီး ချောင်းရေ ရုတ်တရက် ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။
“မိုးက တအားကြီးတော့ အခြားချောင်းတွေကပါ တောင်ကျရေတွေ ဆင်းလာပြီး နုန်းတွေပါ ပါလာတာ။ ချောင်းကြမ်းပြင်တွေမှာလည်း နုန်းတွေ တင်ကျန်ခဲ့တော့ ချောင်းရေက ပိုမြင့်လာပြီး လမ်းတွေ၊ အိမ်တွေထဲကို ပိုပြီး ရေဝင်တာပေါ့။ အခု မြို့ထဲမှာ နုန်းတွေကို ရှင်းလင်းနေကြတယ် ဆိုပေမဲ့ မိုးက ရွာနေတုန်းဆိုတော့ ရေကြီးတာ ဆက်ဖြစ်နေဦးမှာပဲ” ဟု တာချီလိတ် မြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
တာချီလိတ်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသည့် နမ့်ယွန်းချောင်း၊ မယ်ခေါင်းချောင်း၊ ဆန်ဆိုင်းချောင်းနှင့် နိုင်းနိုင်းချောင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျရေများ စီးဝင်ဆင်းလာသည့်အပြင်၊ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရပ်ကွက်အများအပြားအတွင်း ရေများ ပြန်လည် ဝင်ရောက်လျက်ရှိပြီး ရေပြန်ကျသည့် နေရာများ၌ တင်ကျန်ခဲ့သည့် နုန်းများကိုလည်း စည်ပင်များ၊ ဒေသခံများနှင့် ကူညီရေးအဖွဲ့များက ရှင်းလင်းနေကြရသည်။
ထို့ပြင် ယမန်နေ့ညပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝမ်ကောင်းရပ်ကွက်၊ ဝန်ထမ်းကုန်းရှိ အိမ်တစ်လုံးပေါ်သို့ မြေပြိုကာ ဝါးရုံပင် အမြစ်ပါ လန်ထွက်၍ ပိမိခဲ့သော်လည်း လူထု ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရပ်ကွက်နေသူတစ်ဦးထံမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာရှိ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေဆဲဖြစ်ပြီး နောက်ထပ် ၁၂ နာရီအတွင်း အနည်းငယ် ပြန်လည် တက်လာနိုင်ကြောင်း ခန့်မှန်းထားသဖြင့် မယ်ဆိုင်ချောင်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့် မြေပြိုမှု အန္တရာယ်များကို ဆက်လက် သတိပြုကြရန် အသိပေးထားသည်။
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#စိုးရိမ်ရေမှတ်
#ရေကြီးရေလျှံ








