မဲခေါင်၊ ဇူလိုင် ၉
ကျိုင်းတုံမြို့နယ်၏ ဒနခေါင်းဆောင်ဖြစ်သူ ဒုရဲအုပ်ဇင်ကိုလွင်မှာ ကျိုင်းတုံမြို့နယ်အတွင်း လောင်းကစားဒိုင်များနှင့် ပူးပေါင်းကာ လောင်းကစားဝိုင်းဖွင့်လှစ်ခြင်း၊ မူးယစ်ဆေးဝါဖြစ်သည့် K သုံးစွဲခြင်းများအပြင် တရုတ်မှောင်ခိုလမ်းကြောင်းကို တာဝန်ယူကာ လိုင်းကြေးရှင်းပေးခြင်းနှင့် မူယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများကို လိုင်းကြေးယူကာ ကာကွယ်ပေးခြင်းများပါ လုပ်ဆောင်နေကြောင်း ကျိုင်းတုံပြည်သူများက မဲခေါင်သို့ သတင်းပေးပို့လာသည်။
တာချီလိတ်မှ မိုင်းခတ်နှင့် ရှမ်းအရှေ့မြို့များသို့ တရားမဝင်တရုတ်နိုင်ငံသားများ ပို့သည့် လမ်းကြောင်းကို ၎င်းက ငွေရှင်းရန်တာဝန်ယူထားကာ ရဲများကို လိုက်လံရှင်းလင်းပေးကြောင်း၊ လောင်းကစားဝိုင်းများကိုလည်း တာဝန်ခံကာ ဖွင့်လှစ်ပေးပြီး K သုံးစွဲကာ လုံခြုံရေးပင်ယူပေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဇင်ကိုလွင် ကိုယ်တိုင် ဦးဆောင်ပြီး မြို့လယ်ခေါင်မှာ လောင်းကစားဝိုင်းလုပ်တာပါ။ ရပ်ကွက် (၃)၊ ဝေါ်ဟေးရပ် အတွင်း လမ်းသွယ်တခုကိုပိတ်ပြီး ဒနခေါင်းဆောင်နဲ့ ဝေါ်ဟေး သူကြီးပေါင်းပြီး ဇွန်လ ၁၄ရက်ကနေ ဇွန်လ ၂၃ရက်အထိ ပိုက်ကျုးနဲ့ ရှမ်းကိုးမီး ကစားဝိုင်း ဖွင့်လှစ်သွားတာပါ။ သူတို့အကြောင်းပြတာက လုံးဝူးခမ်း နာရေးအကြောင်းပြလုပ်တာ။ နာရေးအိမ်နဲ့က အဝေးကြီး။ သေတာကလဲ ၁၅ရက်နေ့ကမှသေတာ၊ နာရေးအကြောင်းပြ အဖွဲ့စုံ ပေးပြီး ငွေရှာကြတာပါ။ ကစားဝိုင်းမှာသူကိုယ်တိုင် kရှုရင်းထိုင်စောင့်ပေးနေတယ်။ မြို့ပြင်မှာဝိုင်းဖွင့်တာ ဘာမှမပြောလိုတော့ပါဘူး။ အခုဟာကမြို့ထဲမှာ ဖွင့်တာကတော့ လွန်နေပြီ” ဟု ၎င်းဒေသခံက ပြောသည်။
ထို့ပြင် ဒုရဲအုပ်ဇင်ကိုလွင်က ကျိုင်းတုံမြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးလုပ်ကိုင်သူများကိုလည်း လိုင်းကြေးရယူပြီး ကာကွယ်စောင့်ရှောက်ထားကြောင်း ဒေသခံများကပြောသည်။
“သူက အရင် ၂၀၂၄ ကနေ ၂၀၂၅ အထိက ကျိုင်းတုံစခန်း နယ်ထိန်းခေါင်းဆောင်၊ ဆိုင်ကယ်သူခိုးမိတာ လူမဖမ်းဘဲ ဆိုင်ကယ်တွေသိမ်းပြီး ရောင်းစားလိုက်လို့ နယ်ထိန်းခေါင်းဆောင်ကနေ ပြုတ်ပြီး ခရိုင်ရုံးကို ခဏရွှေ့ထားပြီး နေရာလွတ်လို့ ဒနခေါင်းဆောင် ပြောင်းခန့်လိုက်တာ။ သူ့မိန်းမကလည်း ဒုရဲအုပ်ပဲ။ ၂၀၂၆ မှာ ကတ်တောင်စခန်းမှူးလုပ်တယ်။ ဒနခေါင်းဆောင်လည်း လုပ်နေတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့နယ်အတွင်း၌ ယခုနှစ်အတွင်း လူသတ်ဓားပြမှု ၂မှု၊ ဆိုင်ကယ်ခိုးမှု၊ လုယက်မှု၊ အိမ်ဖောက်ထွင်းမှု ၄၀ ကျော်ဖြစ်ပွားထားခဲ့ပြီး ဖမ်းဆီးရမိသည့် အမှု တစ်မှုမျှ မရှိကြောင်း ဒေသခံများက ထောက်ပြပြောဆိုနေကြသည်။
“ပြည်သူလူထု နေ့စဥ်သွားလာရေးတောင် ကြောက်ကြောက်လန့်လန့် ဖြစ်နေတယ်။ တာဝန်ရှိသူတွေ ကိုယ်တိုင်က ဒီလိုတွေလုပ်နေတာ တားမယ့်သူမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့သည် တြိဂံတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် မြို့ဖြစ်ပြီး ပြည်သူ့စစ်နှင့် လုံခြုံရေးတပ်ဖွဲ့များ အများအပြား ရှိနေသည့်တိုင် ဒုစရိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ဝေဖန်စရာဖြစ်နေသည်။
#MeKongNews
#ကျိုင်းတုံမြို့
#ဒနခေါင်းဆောင်
#ရဲတပ်ဖွဲ့
#ဒုစရိုက်မှု








