မဲခေါင်၊ ဇူလိုင် ၇
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဆောက်သွန်မြို့နယ်တွင် မြန်မာလူငယ်များ ဆိုင်ကယ်ဟွန်းတီးခဲ့ရာမှ စကားများကာ ထိုင်းနိုင်ငံသားများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများအကြား အုပ်စုဖွဲ့ရန်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၅ ရက် ညသန်းခေါင်ကျော်တွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး၊ ဆိုင်ကယ်ဟွန်းတီးသည့်ကိစ္စနှင့် ပတ်သက်၍ ၂ ဖက်အချင်းများရာမှ ကိုယ်ထိလက်ရောက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် မြန်မာနိုင်ငံသား ၂၀ ဦးခန့်က ထိုင်းနိုင်ငံသား ၂ ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံသားများဘက်မှ အခြားသူငယ်ချင်းများကို ခေါ်ဆောင်လာသဖြင့် ၂ ဖက်အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျနော်တို့က သူများနိုင်ငံမှာ လာရောက် အလုပ်လုပ်နေကြတာဖြစ်လို့ ကိုယ့်အပြုအမူတိုင်းကို သတိထားဖို့ လိုပါတယ်။ အငြင်းပွားမှု သေးသေးလေးတွေကို အုပ်စုဖွဲ့ပြီး ဖြေရှင်းတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်ကြောင့် တခြားမြန်မာလုပ်သားတွေအပေါ် အမြင်မကောင်း ဖြစ်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ကြဖို့ လိုပါတယ်”ဟု မြန်မာရွေ့ပြောင်းလုပ်သားတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဖြစ်စဉ်အတွင်း အသက် ၄၇ နှစ်အရွယ် ကိုထွန်းမင်းလွင်၊ အသက် ၃၇ နှစ်အရွယ် ကိုမျိုးကျော်သူနှင့် အသက် ၃၃ နှစ်အရွယ် ကိုရှင်တို့မှာ ဦးခေါင်းနှင့် နားရွက်တို့တွင် ပြတ်ရှဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရသည်။
ထို့ပြင် ထိုင်းနိုင်ငံသား ၂ ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာတွင် သွေးကွက်များနှင့် ကွဲကြေနေသည့် ဘီယာပုလင်းများကို တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က ဖြစ်စဉ်၏ အကြောင်းရင်း အတိအကျကို စုံစမ်းစစ်ဆေးနေသည့်အပြင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#MeKongNews
#စမွတ်ပရာကန်
#ထိုင်း
#မြန်မာ
#အုပ်စုဖွဲ့ရန်ပွဲ








