မဲခေါင်၊ ဇူလိုင် ၂
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် ကိုယ်ရေးအရာရှိ ဗိုလ်ကြီးမြတ်မင်းတို့က တရားမဝင်ကုန်စည်များ သယ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်များက မဲခေါင်သို့ သတင်းပေးပို့လာသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် ဝမ်ဟိုင်းမှ စိုင်းပီး နှင့် ဟန်နော်ဆိုသူတို့နှင့်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် ပိပိရိရိ အာဏာအသုံးချဆောင်ရွက်နေကြောင်း တပ်တွင်းသတင်းများအရ သိရှိရသည်ဟု ဆိုသည်။
၎င်းတို့ လုပ်ရပ်များတွင် ပြီးခဲ့သည့် မေ၂၅ ရက်ကဘန်ကွဲကျေးရွာ PNO စခန်းကုန်းအနီးမှ ဖမ်းဆီးလာသည့် တရားမဝင် ကုန်စည်ကားများမှ ဒရိုင်ဘာများအား နှုတ်ပိတ်ပြန်လွှတ်၍ ပိုင်ရှင်မဲ့ ပြုလုပ်ခဲ့မှု ပါရှိသည်ဟု ဆိုသည်။
ကားပေါ်ပါ တန်ဖိုးကြီးပစ္စည်းများအား ထားသိုသိမ်းဆည်းထားရာမှ ဇွန် ၁၈ရက်က တပ်တွင်းသတင်းရင်းမြစ် ပေါက်ကြားလာမှုကြောင့် ဖမ်းဆီးသိမ်းပိုက်ထားသော တန်ဖိုးကြီး တရားမဝင်ကုန်ပစ္စည်းများအား အရေးပေါ် နေရာရွှေ့ပြောင်းခဲ့ကြောင်း၊ ယင်းရွှေ့ပြောင်းခဲ့သည့် ကုန်ပစည်းများကိုလည်း တိုင်းမှူး၏ PSO ဗိုလ်ကြီးမြတ်မင်းမှ စီမံကွပ်ကဲ၍ တောင်နီဘက်သို့ ပြန်လည် ထားသိုခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
“တပ်ချုပ်ကြီး တပည့်သားဖြစ်နေလို့ ယခုလို ပေါ်ပေါ်တင်တင် ကျောသားရင်သားခွဲခြားပီး လာဘ်စားနေတာကို မျက်ကွယ်မပြုသင့်ပါ။ ယခင် ၂၀၁၇ ကာလ တန့်ယန်းမြို့မှာ ဗျူဟာမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း ကျားဖြန်လုပ်ငန်းတွင် အကြီးအကျယ် ပါဝင်ပတ် သက်ခဲ့ဖူးသူပါ။ သူရော သူမိန်းမရော ပါပါတယ်။ ယခုတွင်လည်း ဗထူးတပ်နယ်မှူးကို တိုင်းမှူးအမိန့်နဲ့ ကုန်စည်ကားများကို မင်းကြီးသုံးပါးရှေ့ကနေ တရားဝင်ပုံစံအတိုင်းလွှတ်ပေးနေရပါတယ်”ဟု သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် မေ ၁၈ ရက်က ပိုင်ရှင်မဲ့ပြုလုပ် ဖမ်းဆီးရမိခဲ့သည့် ၁၂ ဘီးကားကြီး ၉ စီးစာ တရားမဝင်ကုန်ပစ္စည်းများအားလည်းကောင်း ဇွန် ၂၂ရက်က ၁၂ ဘီးကား ၁၁ စီးစာ တရားမဝင် ကုန်ပစ္စည်းများကိုလည်းကောင်း PSO ဗိုလ်ကြီးမြတ်မင်း ၏ စီမံကွပ်ကဲမှုဖြင့် ပို့ဆောင် သိုဝှက်ထားကြောင်း သိရှိရသည်ဟု ဆိုသည်။
“လက်အောက်ခံ တစ်ချို့တပ်များဆိုရင်လည်း တစ်ခါခေါ်ဆဲရင် မြန်မာငွေသိန်း ၄၀၀ ကိုင်ဆောင်ပီးလာရပါတယ်။ ရပ်စောက်လမ်းပိုင်းမှာ အခု PSO မြတ်မင်းကား၊ တိုင်းမှူးကျော်နိုင်ဦးယောက်ဖ အမည်ပြောင် ပေါက်ကျိုး၊ တိုင်းမှူးသူငယ်ချင်း စိုင်းသက်မော် ကားဆို အားလုံး ဖြတ်သန်းသွားလာခွင့် ရှိနေပါတယ်”ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။
ယခုအခါ သိန်းပေါင်း ၁၈၀၀၀ ပေးဆောင်ထားရသည့် ကုန်သည်များကို ထပ်မံ၍ သတင်းပေါက် ကြားပါက ဆွေစဉ်မျိုးဆက် ဒုက္ခပေးမည်ဟု ၎င်းတို့က ကြိမ်းဝါးထားကြောင်း ဆိုသည်။
ယခင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးအား ဖမ်းဆီး အရေးယူပြီးသည့်နောက် လက်ရှိတိုင်းမှူးသည်လည်း တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသည်များကို အခကြေးငွေများ ရယူ၍ လွှတ်ပေးနေမှုများ ယခုအချိန်အထိ ရှိနေဆဲဖြစ်ပြီး စစ်အစိုးရသစ်၏ ရက် ၁၀၀ အတွင်း စစ်တပ်နှင့် ဆက်နွှယ်နေသည့် မှောင်ခိုလုပ်ငန်းများသည်လည်း ရှိမြဲအတိုင်း ကြီးထွားလျက်ရှိနေသည်ဟု ဆိုသည်။
#MeKongNews
#အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
#တိုင်းမှူး
#PSO
#တရားမဝင်ကုန်စည်
#မူးယစ်ဆေးဝါးများ








