မဲခေါင်၊ ဇွန် ၁၇
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဒေသခံအမျိုးသားတစ်ဦး တောင်ယာအတွင်း ကြံစိုက်စဉ် တိုက်ပွဲကြွင်းကျန် မိုင်းနင်းမိသဖြင့် ပြင်းထန်ဒဏ်ရာရရှိကာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု ဒေသခံ.သတင်းရင်းမြစ်များထံမှ သိရသည်။
နောင်ချိုမြို့နယ် ဈေးကုန်းကျေးရွာနေ ဦးမျိုးထက်လွင်သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် ရွာအနီးရှိ တောင်ယာထဲ ကြံစိုက်နေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“ခြံရောက်ပြီး မကြားဘူး မိုင်းနင်းမိတာပဲ။ မနက် ၉နာရီ ကျော်ကျော်လောက်မှာ နင်းမိတာ။ မိုင်းပေါက်ကွဲသံကြားလို့ အနီးအနားက လူတွေက ရွာကို ပြန်သယ်လာပြီး ဆေးရုံပို့ကြပေမယ့် ခြေထောက်တစ်ဖက်တော့ ဖြတ်လိုက်ရတယ်”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
ယင်းမိုင်းနင်းမိမှုကြောင့် ဦးမျိုးထက်လွင်၏ ခြေထောက်၂ ဖက်လုံးနှင့် ဘယ်ဖက်မျက်လုံးတို့တွင် ထိခိုက်ဒဏ်ရာရရှိကာ ညာဘက်ဒူးအထက်ပိုင်းတွင် ဖြတ်လိုက်ရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မိုင်းနင်းမိသည့် ဦးမျိုးထက်လွင်ကို ပရဟိအသင်းတစ်ခု၏ အကူအညီဖြင့် နောင်ချိုမှ တစ်ဆင့် ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူစေလျက်ရှိသည်။
နောင်ချိုမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံပြည်သူလူထုများမှ မကြာခဏ မိုင်းနင်းမိလျက်ရှိရာ တောင်ယာသို့ သွားလာရန်ပင် ကြောက်ရွံ့နေသဖြင့် သက်ဆိုင်ရာများမှ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။
နောင်ချိုမြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာဖြစ်သဖြင့် လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းအကြွင်းအကျန်များကို ဒေသခံများက မကြာခဏနင်းမိလျက်ရှိသည်။
မဲခေါင်သတင်းဌာနမှ လက်လှမ်းမှီသမျှ ကောက်ယူထားသည့် စာရင်းအရ ၂၀၂၆ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲအကြွင်းအကျန် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ် ၆ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးနှင့်သေဆုံးသူ ၇ ဦးရှိသည်။
#MeKongNews
#နောင်ချိုတွင်
#တိုက်ပွဲကြွင်းကျန်မိုင်း
#ပြည်သူတစ်ဦး
#ခြေထောက်တစ်ဖက်
#ဆုံးရှုံး








