မဲခေါင်၊ ဇွန် ၁၆
UWSA ထိန်းချုပ် “ဝ”ဒေသတွင် လာမည့် ဇွန် ၂၆ ရက် တွင်ကျရောက်မည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ မတိုင်မီ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်များကို ၁၀ ရက်ကြာ အထူး စစ်ဆေးသွားမည် ဖြစ်ကြောင်း “ဝ”ဒေသ တရားရေးရာလုပ်ငန်းကော်မတီက ထုတ်ပြန်သည်။
ယင်းတရုတ်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် လာမည့် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” မတိုင်မီ ဇွန် ၁၅ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း စီရင်ပိုင်ခွင့် နယ်မြေအတွင်းရှိ အိမ်ငှားခန်းများ၊ ကွန်ဒိုများ၊ ဟိုတယ်များသို့ ရဲတပ်ဖွဲ့အင်အားဖြင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ဆက်စပ်ပတ်သက်မှု ရှိ၊ မရှိ ပစ်မှတ်ထား စစ် ဆေးမှုများ ပြုလုပ်ရန် အကြောင်းကြားကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယာယီနေထိုင်ခွင့်လက်မှတ် (TRC) မပြုလုပ်ရသေးသော သို့မဟုတ် သက်တမ်းကုန်ဆုံးနေသော နိုင်ငံခြားသားများအား လက်မှတ်များ အချိန်မီ ပြုလုပ်ရန်နှင့် သက်တမ်းတိုးရန် တိုက်တွန်းနှိုးဆော်သွားရန် တပြိုင်နက်တည်းတွင် သက်ဆိုင်ရာ ဒေသအသီးသီးရှိ အခြေစိုက်တပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ပူးပေါင်းကာ အရေးကြီးသော လမ်းပိုင်းများ၌ ယာယီစစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားပြီး၊ ဖြတ်သန်းသွားလာနေသော လူပုဂ္ဂိုလ်များနှင့် မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးဆိုင်ရာ စစ်ဆေးအရေးယူမှု လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဟု ပါရှိသည်။
အထက်ပိုင်း “ဝ” မြောက်ပိုင်း UWSA ထိန်းချုပ်နယ်မြေ ခရိုင် (၄) ခု ဖြစ်သည့် ဟိုပန်၊ မိုင်းမော၊ မိုင်းပေါက်၊ မိုင်းလင်း နယ်မြေများတွင် ယမန်နေ့ ဇွန် ၁၅ ရက်မှ စတင်၍ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
#MeKongNews
#UWSA
#“ဝ”ဒေသ
#မူးယစ်ဆေးဝါး
#ကျားဖြန့်များ
ဓာတ်ပုံ – WNL








