မဲခေါင်၊ ဇွန် ၁၆
ပြည်သူလူထု စောင့်ကြည့်ကြပ်မတ်ရေး စနစ်ကို တည်ဆောက်လိုက်ပြီး အာဏာအလွဲသုံးစားလုပ်သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု “ဝ”တပ်ဖွဲ့ – UWSA က ကြေညာသည်။
ဇွန် ၁၄ ရက်တွင် တရုတ်ဘာသာဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် “ဝ”တပ်ဖွဲ့က ယင်းကဲ့သို့ ပြောဆိုထားခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် အာဏာအလွဲသုံးစားလုပ်သည့် ရဲများကို တိုင်ကြားနိုင်ပြီဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရဲဝန်ထမ်းများအနေဖြင့် ဥပဒေ မလိုက်နာခြင်း၊ တရားမျှတမှုမရှိစွာ အရေးယူခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်း၊ ကိုယ်ကျိုးရှာ၍ ဥပဒေကို ဖောက်ဖျက်ခြင်း စသည့် အပြုအမူများကြောင့်ပြည်သူတို့၏ တရားဝင် ပိုင်ဆိုင်မှု၊ ဂုဏ်သိက္ခာနှင့် အခြားတရားဝင် အကျိုးစီးပွားများ ထိခိုက်နစ်နာပါက ဖုန်းနံပတ် 087 9894 4111 ၊ 096 7000 0009 သို့ ကျူးလွန်သည့်ရဲ၏ သက်သေခံကတ်ပြားနံပါတ်အားပေးကာ တိုင်ကြားနိုင်သည်ဟု “ဝ”တပ်ဖွဲ့ကဆိုသည်။
ထို့ပြင် “ဝ”ရဲတပ်ဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ရဲသက်သေခံကတ် မပြသနိုင်ပါက ဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်ကာ အရေးယူမည်ဟုလည်း “ဝ”တပ်က ဆိုသည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ရဲတပ်ဖွဲ့၏ အရေးယူဆောင်ရွက်မှုများကို ပိုမိုစနစ်တကျ ဖြစ်စေရန်၊ ဥပဒေစိုးမိုးရေးကို နက်နက်ရှိုင်းရှိုင်း အကောင်အထည်ဖော်ရန်နှင့် ပြည်သူ၏ ယုံကြည်မှုနှင့် ကျေနပ်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုင်ကြားလာသော အချက်အလက်များကို စိစစ်အရေးယူမည်ဖြစ်ပြီး၊ စည်းကမ်းဖောက်ဖျက်မှုများအတွက် တာဝန်ယူစေမည်ဖြစ်ကာ အလျှော့မပေးဘဲ ပြင်းထန်စွာ အရေးယူသွားမည်ဟု “ဝ”တပ်ဖွဲ့က ဆိုသည်။
“ဝ”တပ်ဖွဲ့သည် လက်ရှိတွင် ရဲဌာနကို အပြောင်းအလဲ ပြုလုပ်နေပြီး အာဏာအလွဲသုံးစား ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူခြင်းအပြင် ရဲဌာန၏ ဒုတိယအတွင်းရေးမှူးကိုလည်း အသစ်ခန့်အပ်ခဲ့သည်။
#MeKongNews
#အာဏာအလွဲသုံးစား
#ပြည်သူလူထု
#စောင့်ကြည့်ကြပ်မတ်ရေးစနစ်
#အရေးယူ








