မဲခေါင်၊ ဇွန် ၆
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာသည့် ပြည်သူများအတွက် တန်ဖိုး ကျပ်သိန်း ၅၀၀ ကျော် ကူညီခဲ့သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က သတင်းထုတ်ပြန်သည်။
ကောင်းတပ်ရွာရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲကြောင့် ကျေးရွာ ၆ ရွာမှ အိမ်ခြေ ၆၀၀ ကျော် ထိခိုက်နစ်နာခဲ့ပြီး အထောက်အပံ့နှင့် အကူအညီများ လိုအပ်လျက်ရှိရာ SSPP က ကူညီခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့ကြောင့် ထိခိုက်နစ်နစ်သည့် ရွာများဖြစ်သော အိမ်ခြေ ၂၀၀ ကျော်ရှိ ကောင်းတပ်ကျေးရွာအတွက် ငွေကျပ် သိန်း ၂၀၀ နှင့် ဆန် ၄၀ အိတ်၊ အိမ်ခြေ ၁၅၆ ရှိ မန်ခမ်းကျေးရွာအတွက် ငွေကျပ် သိန်း ၇၀ ၊ အိမ်ခြေ ၉၀ ကျော်ရှိ ပန်လုံ ကျေးရွာအတွက် ငွေကျပ် သိန်း ၅၀ နှင့် ဆန် ၁၀ အိတ်၊ အိမ်ခြေ ၁၁၀ ရှိ ကောင်းနောင်စန့်ကျေးရွာအတွက် ငွေကျပ် သိန်း ၅၀၊ အိမ်ခြေ ၃၁ ရှိ စယ်ဟိုင်းကျေးရွာအတွက် ငွေကျပ် သိန်း ၄၀၊ အိမ်ခြေ ၃၀ ကျော်ရှိ ပန်ထိုလင်ကျေးရွာအတွက် ငွေကျပ် သိန်း ၄၀ တို့ကို ထောက်ပံ့ကူညီခဲ့သည်ဟု SSPP က ထုတ်ပြန်ချက်တွင် ပြောသည်။
ထို့ပြင် စာရေးတန်းရပ်ကွက်မှ ကွယ်လွန်သူ အဖွားအိုတစ်ဦးအတွက် အလှူငွေ ၁၀ သိန်းကျပ်နှင့် ကောင်းတပ်ကျေးရွာမှ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသော အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်အတွက် ၁၀ သိန်းကျပ်ကိုလည်း ထောက်ပံ့ပေးခဲ့သည်ဟု SSPP က ဆိုသည်။
ထို့ကြောင့် ယင်းကူညီထောက်ပံ့ပေးခဲ့မှုများတွင် စုစုပေါင်း ငွေသားကျပ် သိန်း ၄၇၀ နှင့် ဆန် ၅၀ အိတ်တို့ဖြစ်ရာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၅၀၀ ကျော်ရှိသည်ဟု ဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP အနေဖြင့် ရှမ်းပြည်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း အခက်အခဲ ကြုံတွေ့ချိန်တွင် လူသားချင်းစာနာထောက်ထားမှု အခြေခံဖြင့် ကူညီခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#MeKongNews
#ကောင်းတပ်ကျေးရွာ
#ပေါက်ကွဲမှု
#ထိခိုက်နစ်နာသူ
#SSPP








