မဲခေါင်၊ ဧပြီ ၁၀
ရှမ်းပြည်အရှေ့ပိုင်း၊ NDAA ထိန်းချုပ်မိုင်းလား၊ အထူးဒေသ – ၄ တွင် ဖမ်းမိကျားဖြန့် တရုတ်နိုင်ငံသား အများအပြားကို တရုတ်နိုင်ငံဖက်သို့ ယမန်နေ့က လွှဲပြောင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းကျားဖြန့်များအား ယမန်နေ့ ဧပြီ ၉ ရက်က နယ်စပ်တစ်နေရာတွင် အိတ်ပရက်စ် ကားစီးရေ အနည်းဆုံး ၇ စီးဖြင့် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အတိအကျ မသိရပေမယ့် ခန့်မှန်း ၂၀၀ ကျော်မယ်။ မနေ့မနက်က ညနေအထိကို တစ်နေကုန် လွှဲနေတာလို့ သိရတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။
ဆက်စပ်သတင်းအနေဖြင့် UWSA ထိန်းချုပ် ပန်ဆန်းတွင် ယမန်နေ့က NDAA အဖွဲ့နှင့် MNDAA အဖွဲ့ ခေါင်းဆောင်ပိုင်းအချို့က ကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့များ ခေါ်တွေ့ ပြီး ရှမ်းပြည်မြောက်ပိုင်း မဟာမိတ် ထိန်းချုပ်ဒေသအားလုံး ကျားဖြန့်ကင်းစင်ရေး စစ်ဆင်ရေးတစ်ခုအဖြစ် ဖော်ဆောင်ရန် အစည်းအဝေးလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ် ၂၆ ရက် နံနက်ပိုင်းက ပန်ဆန်း(ပန်ခမ်း)ရှိ မန်ခါးနယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံ၊ ယူနန်အစိုးရထံ တရားမဝင် တရုတ်နိုင်ငံသား ကျားဖြန့် ၃၂ ဦးကို လွှဲပြောင်းပေးခဲ့သေးသည်။
#MeKongNews
#မိုင်းလား
#ကျားဖြန့်
#တရုတ်
#NDAA








