မဲခေါင်၊ မတ် ၁၁
စစ်ကောင်စီတပ်က ဆုတ်ခိုင်းသဖြင့် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တော-ကျောက်ဂူလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP စစ်ဆေးရေးဂိတ်စခန်း ၅ခုထက်မနည်း ဖြုတ်သိမ်းကာ တပ်ဆုတ်သွားပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ရှမ်းတောင် မိုင်းပွန်တွင် SSPP နှင့် စစ်ကောင်စီ PNOပြည်သူ့စစ်ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက် ရှမ်းမြောက်နှင့်ရှမ်းတောင်ဆက်သွယ်ထားသည့် ရပ်စောက်မြို့နယ်ဘက်တွင်ပါ စစ်ကောင်စီက SSPP တပ်ဖွဲ့ကို တပ်ပြန်ဆုတ်ခိုင်းခြင်းဖြစ်သည်။
လက်ရှိတွင် အင်တောမြို့ပေါ်ရှိ SSPP စစ်ဆေးရေးဂိတ်တစ်ခုအပါအဝင် လမ်းမကြီးပေါ်ရှိ ဂိတ်များပါ SSPPဖက်က ဖြုတ်သိမ်းကာ ဆုတ်သွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။
“အခုမြို့ပေါ်မှာက စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်ပူးပေါင်းဂိတ်တွေပဲရှိတော့တယ်။ SSPP ဂိတ်မရှိတော့ဘူး၊ ဂိတ်တွေဖြုတ်တာ ၄၊ ၅ရက်လောက်ရှိပြီ။ အရင်က အင်တောမြို့ပေါ်မှာ SSPP ဂိတ်တခုရှိတယ်။ အခုတော့ မြို့ပေါ်မှာကော မြို့အပြင်ဘက် လမ်းမပေါ်မှာကော SSPPဂိတ် တခုမှ မရှိတော့ဘူး။ အကုန်ဖြုတ်သိမ်းသွားပြီ”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
ထို့သို့ လမ်းမကြီးပေါ်မှ ဂိတ်စခန်းများကို ဖြုတ်သိမ်းသွားသော်လည်း ကျေးရွာများဘက်တွင်မူ ယခင်အတိုင်းသာ ရှိနေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
“အခုက နယ်မြေတွေထဲကနေ ဆုတ်သွားတာမျိုးမဟုတ်ဘူး။ ရွာတွေဘက်ကော လမ်းမပေါ်မှာကော သူတို့အရင်လိုပဲ သွားလာနေဆဲပဲ၊ အခုက ကတ္တရာလမ်းမပေါ်မှာရှိတဲ့ ဂိတ်တွေကို ဖြုတ်ပေးတာမျိုးပဲဗျ”ဟု ရပ်စောက်မြို့နယ် ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။
လက်ရှိတွင် ရပ်စောက်မြို့ နယ် မြောက်ဘက်ခြမ်းရှိ အင်တော-ကျောက်ဂူလမ်းမကြီးတွင် SSPP ဂိတ်များ ဖြုတ်သိမ်းသွားပြီဖြစ်သဖြင့် ရပ်စောက်မြို့နယ် တောင်ဘက်ခြမ်းရှိ RCSS ဂိတ်စခန်းသာ ကျန်ရှိတော့ကြောင်း ရပ်စောက်မြို့ခံတစ်ဦးကပြောသည်။
“မြို့တောင်ဘက်ခြမ်း ထီးခမ်းကျေးရွာအထိမှာက RCSS ဂိတ်တွေရှိသေးတယ်။ သူတို့ကိုတော့ စစ်တပ်က ဂိတ်ဖြုတ်ခိုင်းတာတွေ မကြားရသေးဘူး။ အရင် SSPPနဲ့RCSS တိုက်တုန်းက မြောက်ဘက်အင်တော-ကျောက်ဂူကနေ ဆုတ်လာတဲ့ RCSSက အခု တောင်ဘက်ခြမ်းမှာ ရှိနေတာ သူတို့ဂိတ်တွေတော့ ရှိသေးတယ်”ဟု ၎င်းကပြောသည်။
အင်တော-ကျောက်ဂူလမ်းမကြီးသည် ရှမ်းတောင် ရပ်စောက်မြို့နယ်နှင့် ရှမ်းမြောက် နောင်ချို-သီပေါမြို့နယ်တို့ကို ဆက်သွယ်ထားသော အရေးပါသည့် လမ်းတခုဖြစ်ကာ ယခင် တောင်ခမ်းတိုက်ပွဲအတွင်းတွင်လည်း စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်းကြောင်းတစ်ခုဖြစ်သည်။
မိုင်းပွန်တွင် စစ်ကောင်စီနှင့်PNOပြည်သူ့စစ်က SSPP တပ်အား ကျောက်တန်း-ပင်လုံလမ်းမကြီး တောင်ဘက်မှ လမ်းမကြီးမြောက်ဘက်သို့ တပ်ဆုတ်ခိုင်းရာမှ တင်းမာမှုဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန်အင်အားဖြည့်ကာ ကိုယ်စီအနည်းငယ် တပ်ဆုတ်သွားခဲ့သည်။ ထိုသို့ စစ်ရေးတင်းမာနေစဉ်တွင်ပင် ရပ်စောက်မြို့နယ် ကျောက်ဂူ-အင်တောဘက်တွင်လည်း စစ်ကောင်စီက SSPPအားထပ်မံတပ်ဆုတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။
ရပ်စောက်မြို့နယ်တွင် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်တပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS နှင့် ဓနုတော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားနေလျက်ရှိသည်။
#MeKongNews
#SSPP
#အင်တော
#ကျောက်ဂူ
#ရပ်စောက်








