မဲခေါင်၊ မတ် ၃
စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် SSPP တို့အကြား တင်းမာမှုဖြစ်နေသည့် ရှမ်းတောင် မိုင်းပွန်တွင် နှစ်ဖက်အပြန်အလှန် အင်အားဖြည့်ပြီးနောက် နှစ်ဖက်ကိုယ်စီ အနည်းငယ် တပ်ပြန်ဆုတ်သွားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ရေးတင်းမာနေစဉ် ပြန်မဆုတ်ပါက တိုက်မည်ဟု စစ်ကောင်စီက ပြောသော်လည်း SSPPဘက်က ဆုတ်ခွါခြင်းမရှိပဲ နှစ်ဖက်အပြန်အလှန် အင်အားဖြည့်တင်းခဲ့သည်။
ထိုသို့အင်အားဖြည်းတင်းပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် နှစ်ဖက်တပ်ဖွဲ့များက ကိုယ်စီအနည်းငယ် တပ်ဆုတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“လကုန်ပစ်မယ်ဆိုလို့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေတာ အခုတော့ ဗမာစစ်တပ်ရော၊ ရှမ်းစိမ်းအဖွဲ့ရော နောက်ကို နည်းနည်းစီဆုတ်သွားကြတယ်။ တိုက်ပွဲ မဖြစ်ဘူး”ဟု ဒေသခံသတင်းရင်းတဦးကပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ မိုင်းပွန်မြောက်ဘက် ခိုင်မိုင်းသက်ရွာနှင့် ဖက်နမ်တံတားအနီးတွင်ရှိသည့် SSPP တပ်ဖွဲ့က ယင်းနေရာများမှ ဆုတ်ခွါသွားခြင်းဖြစ်ကာ စစ်ကောင်စီနှင့် PNOပူးပေါင်းတပ်ကလည်း မိုင်းပွန်မြို့မြောက်ဘက်ရှိ သုခကာရီဘုရားတောင်သို့ ပြန်လည်ဆုတ်ခွါသွားခြင်းဖြစ်သည်။
“ဘုရားတောင်မှာ အခြေချပြီး ရှေ့တိုး လှုပ်ရှားတဲ့ ဗမာတပ်ကလည်း ဘုရားတောင်ပေါ်ကို ပြန်ဆုတ်သွားတယ်။ ဖက်နမ်ဖက်က SSPPနေတယ်လို့ ယူဆရတဲ့ တဲသုံးလေးလုံးကိုတော့ မီးရှို့သွားတယ်။ ၂၅ ရက်နေ့တုန်းက သေနတ်သံ ခဏထွက်သေးတယ်။ PNOက SSPP စခန်းကို ချောင်းပစ်တာလို့ ပြောပေမယ့် ညဘက်ကြီးဆိုတော့ အတည်ပြုလို့တော့ မရဘူး”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ဆနင်းဒေသရှိ SSPPတပ်စခန်းတခုကို ဖေဖော်ဝါရီ ၂၅ ရက်ည ၇ နာရီအချိန်တွင် PNO ပြည်သူ့စစ်က လာရောက်ချောင်းမြောင်းပစ်ခတ်သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့က ပြောသော်လည်း မဲခေါင်အနေဖြင့် ယင်းပစ်ခတ်မှုကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့တွင် စစ်ကောင်စီ နှင့်PNO ပူးပေါင်းတပ်က ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP တပ်ဖွဲ့ကို ကျောက်တန်း-ပင်လုံလမ်းမြောက်ဘက်ခြမ်းသို့ ပြန်လည်ဆုတ်ခွါခိုင်းရာမှ နှစ်ဖက်အဖွဲ့ကြား စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
#MeKongNews
#မိုင်းပွန်
#စစ်ကောင်စီ
#SSPP
#ဖက်နမ်တံတား








