မဲခေါင်၊ ဖေဖော်ဝါရီ ၁၉
မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်သည် ဗန်းမတ်ရွာသစ် (စစ်ဘေးရှောင်ရွာ) နှင့် ဟံဗွားကျေးရွာရှိ ပြည်သူများ၏ ပစ္စည်းများကို သယ်ထုတ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
PNO ပြည်သူ့စစ်သည် ပြီးခဲ့သည့် ၁၃ ရက်မှ စတင်ကာ ယမန်နေ့အထိ ပြည်သူများ၏ ပစ္စည်းကို ခိုးယူသယ်ထုတ်ကာ ပွန်ချောင်း အနောက်ဘက်ရှိ နောင်ထောဝ်ကျေးရွာတွင် စုပုံထားနေကြောင်းလည်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
“ဗီရိုတွေ ဆိုင်ကယ်တွေ သစ်တွေ ကျွန်းတိုင်တွေကအစ ကားတွေနဲ့ နောင်ထောဝ်ကို သယ်လာပြီး စုထားတာ။ ကြေးဆင်းတုတော်ရော တံခါးကျည်းဘောင်၊ ကျည်းခွေတွေရောပါ မချန် သယ်လာတာ။ နောင်ထောဝ်မှာရှိတဲ့ မြန်မာ စစ်တပ်ကတောင် ပြောသေးတယ်။ မင်းတို့ ပအိုဝ်းအချင်းချင်း ယူတာနော်။ ငါတို့ မပါဘူးနော်ဆိုပြီးတော့”ဟု ဒေသခံတစ်ဦးက ပြောသည်။
PNO သည် ပွန်ချောင်းအရှေ့ဘက်မှ နောင်ထောဝ်ကျေးရွာသို့ နေ့စဉ် ပစ္စည်းများကို ကားဖြင့် အခေါက်အခေါက်အခါခါ သယ်ယူနေပြီး စစ်ကောင်စီတပ်ကလည်း ဟန့်တားခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
“စစ်တပ်က ပွန်ချောင်း အနောက်ဘက်မှာပဲ ရှိတာ။ PNO သယ်လာတာတွေကို သူတို့ ဘာမှမပြောဘူး။ ကင်တာကားတွေ ဖိုးဝီးကားတွေနဲ့ နောင်ထောဝ်ကို ပစ္စည်းသယ်လာ အဲ့ဒီမှာစုပြီးမှ ပြန်ရောင်းစားတာတွေ ဆီဆိုင်ဖက်ကို ထပ်သယ်သွားတာတွေ လုပ်နေတာ တွေ့ရတယ်”ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် PNO သည် ပွန်ချောင်းအရှေ့ဘက်သို့ ထိုးစစ်ဆင်လာပြီးနောက် ဗန်းမတ်ရွာသစ်နှင့် ဟံဗွားကျေးရွာရှိ ပြည်သူများ၏ ပစ္စည်းများကို သယ်ထုတ်ပြီးနောက် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်တွင်လည်း ဗန်းမတ်ရွာသစ်ကို မီးရှို့ခဲ့သည့် PNO မှ ဗိုလ်ကြီး မောင်ကွိ ဆိုသူသည် တိုက်ပွဲအတွင်း စနိုက်ပါဖြင့် အပစ်ခံရကာ သေဆုံးသွားခဲ့သည်။
PNO သည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို အသေအပျောက်များစွာဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းလည်း ပြုလုပ်နေသည်။
ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ်နှင့် ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေသည့် ပွန်ချောင်းပေါ်တွင် တရုတ် ဒေါင်ဖန်းကုမ္မဏီနှင့် ပူးပေါင်းကာ ရေအားလျှပ်စစ်စီမံကိန်း ၄ နေရာထက်မနည်း တည်ဆောက်ရန် PNO က မောက်မယ်၊ ကဒူးကြီးဒေသ၊ ကရင်နီပြည် ရှားတောမြို့နယ်နှင့် ထိုင်းနယ်စပ်အထိ နယ်မြေရရှိရေးအတွက် ထိုးစစ်ဆင်နေသည်။
#MeKongNews
#ဗန်းမတ်
#တံခါးပေါင်
#PNO
#သယ်ထုတ်








