မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
တရုတ်နိုင်ငံ၏ အမျိုးသားအဆင့် နှစ်ပတ်လည် အစည်းအဝေးများနှင့် တရုတ်နှစ်သစ်ကူးကာလအတွင်း “ဝ”တပ်ဖွဲ့ – UWSA က တရုတ်နှင့် ထိစပ်သည့် နယ်စပ်ဒေသများတွင် လုံခြုံရေးတင်းကျပ်ပြီး အင်အားဖြည့် ကင်းလှည့်နေသည်ဟု “ဝ”တပ်ဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ယင်းကာလများအတွင်း လူနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး များပြားခြင်းကြောင့် လုံခြုံရေးအန္တရာယ်များ ရှုပ်ထွေးမြင့်တက်လာနိုင်သည့် အခြေအနေကို ရင်ဆိုင်ရန် နယ်စပ်ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ရေးလုပ်ငန်းများကို တင်းကျပ် မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် UWSA က ဖော်ပြသည်။
ထို့ပြင် မြေမျက်နှာပြင် ရှုပ်ထွေးပြီး လမ်းကြောင်းများပြားသဖြင့် ပြစ်မှုဖြစ်ပွားလေ့ရှိသည့် နေရာများ၊ လူသွားလာများသည့် ဒေသများတို့ကိုလည်း အထူးအာရုံစိုက် စောင့်ကြည့်ကာ တောင်ကြားလမ်းများ၊ လျှို့ဝှက်လမ်းကြောင်းများနှင့် နယ်စပ်ကျေးရွာ ပတ်ဝန်းကျင်များတွင်ပါ အလှည့်ကျ လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ယင်း တရုတ်နှစ်ပတ်လည်အစည်းအဝေးနှင့် နှစ်သစ်ကူးကာလအတွင်း “ဝ” ဒေသတွင် အရေးပေါ် အနေအထားဖြင့် နယ်စပ်တစ်လျှောက် ကင်းလှည့်အင်အားများ တိုးမြှင့်ထားသည့်အပြင် လုံခြုံရေး တည်ငြိမ်မှုရှိစေရန် ပုံမှန်ကင်းလှည့်တပ်ဖွဲ့များအပြင် ကျေးရွာခေါင်းဆောင်များ ပြည်သူ့စစ် အင်အားများကိုပါ အသုံးပြုကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု UWSA က ဆိုသည်။
တရုတ်နှစ်သစ်ကူး ကာလအတွင်း တရုတ် – မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ထိန်းချုပ်နယ်မြေများတွင် နှစ်စဉ် လုံခြုံရေးတိုးမြှင့်လေ့ရှိပြီး ပုံမှန်ကင်းလှည့်မှုများထက် ပိုမိုစစ်ဆေးလျက်ရှိသည်။
#MeKongNews
#တရုတ်
#နှစ်ပတ်လည်အစည်းအဝေး
#နှစ်သစ်ကူး
#UWSA
#လုံခြုံရေး
#တင်းကျပ်








