မဲခေါင်၊ ဖေဖော်ဝါရီ ၉
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ညောင်ဗက်ဒေသခံများကို ကျေးရွာအတွင်းမှ ထွက်ခွာခိုင်းပြီး PNO မြေပွဲစားများ အကွက်ဖော်ထားသည့် နောင်တောင်းကျောင်း မြောက်ဘက်ရှိ မြေကွက်များအား တစ်ကွက်လျှင် သိန်း ၄၀ ကျပ် ဖြင့် ဝယ်ယူ နေထိုင်ကြရန် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့က ဖိအားပေးနေကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။
အိမ်ခြေ ၂၅၀ နီးပါးရှိသည့် ညောင်ဗက်ကျေးရွာကို ကျူးကျော်ဟု စွပ်စွဲကာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ဖျက်ဆီးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
လက်ရှိတွင် ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံးထား၍ ထွက်ခွာရန်နှင့် မထွက်ခွာပါက အင်အားသုံး ဖျက်ဆီးမည်ဟု စစ်ကောင်စီနှင့် PNO အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ဒေသခံများကို သတိပေးစာ ပေးပို့လာကြောင်း သိရသည်။
ရွာမှ ထွက်ခွာပေးရမည့် ဒေသခံများကို နောင်တောင်း ပရဟိတကျောင်း မြောက်ဘက်တွင် နေရာပြန်ချပေးမည်ဟု ဆိုသော်လည်း အလျား ပေ ၄၀၊ အနံ ပေ ၃၀ ရှိ မြေတစ်ကွက်လျှင် ကျပ်သိန်း ၄၀ ပေးသွင်း ဝယ်ယူရမည်ဟု PNO မြေပွဲစားများ ဖြစ်သော ခွန်အုန်းနှင့် ခွန်လှကျော်တို့က စီစဉ်နေခြင်း ဖြစ်သည်။
“အခု PNO လုပ်တဲ့ပုံစံက မင်းတို့ကပြည်သူ ငါတို့ကို မနိုင်ဘူး၊ ဒါကြောင့် ရွာကနေ ထွက်ခွာပြီး နောင်တောင်းကျောင်း မြောက်ဘက်မှာ နေရာပြန်ချပေးမယ် တစ်ကွက်ကို သိန်း ၄၀ ပေးသွင်းပြီး အဲဒီမြေမှာ အိမ်ပြန်ဆောက်ပြီးနေ ဆိုပြီးလုပ်နေတာ။ သူတို့ လုပ်တဲ့ပုံစံက ရွာသားတွေက အိမ်လည်းဖျက်ရမယ်၊ သူတို့ မြေကွက်ကိုလည်း ဝယ်ရမယ်ဆိုတဲ့ ပုံစံဗျ။ ကျနော်တို့က ကျူးကျော်မဟုတ်ဘူး၊ ဘိုးဘွားပိုင်မြေမှာ နေလာတာ။ ဟိုပုံးကို စစ်တပ် မရောက်လာခင် PNO အဖွဲ့ မပေါ်ခင်ကတည်းက ဒီရွာက ရှိပြီးသား”ဟု ညောင်ဗက် ဒေသခံတစ်ဦးက ပြောသည်။
ဟိုပုံးမြို့နယ်၊ ညောင်ဗက်ကျေးရွာနှင့် ကျေးရွာပိုင်မြေကို စစ်တပ်က ၁၉၉၂ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး၂၀၁၅ ခုနှစ်တွင် ဒေသခံများအား ပြန်ပေးရန် လုပ်ထုံးလုပ်နည်းအတိုင်း နိုင်ငံတော်သို့ ပြန်လည် အပ်နှံခဲ့သည်။
ထို့နောက် ပြည်သူအား ပြန်ပေးရန် PNO ပါတီဥက္ကဌ ခွန်စံလွင် ဦးဆောင်ပြီး PNO မှ လူများဖြင့် ဖွဲ့စည်းထားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကို အစိုးရက လွဲအပ်ခဲ့သည်။
ထိုသို့ လွဲအပ်လာသည်ကို PNO ဥက္ကဌ ခွန်စံလွင်က ပြည်သူကို ပြန်မပေးဘဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ်နှင့် မြို့ပြရပ်ကွက် တိုးချဲ့ရန် စီမံကိန်း လုပ်ဆောင်မည်ဟု ဆိုကာ ဆက်လက် သိမ်းဆည်းခဲ့သည့် မြေဖြစ်သည်။
ယင်းကဲ့သို့ အတင်းအဓမ္မ သိမ်းပိုက်ရန် လုပ်ဆောင်သော်လည်း ဒေသခံများက ဘိုးဘွားပိုင်မြေများပေါ်မှ မထွက်ခွာသဖြင့် PNO အနေဖြင့် မည်သည့် စီမံကိန်းမှ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ဒေသခံများ ထွက်ခွာသွားရေးကိုသာ အစဉ်တစိုက် ဖိအားပေး လုပ်ဆောင်နေကြသည်။
ယင်း မြေယာပြဿနာကြောင့် ညောင်ဗက် ကျေးရွာသားများ သေဆုံးလျှင် ဟိုပုံးသုဿန်ကို အသုံးမပြုရဟုပင် PNO ပါတီဥက္ကဌ ခွန်စံလွင်က နှုတ်မိန့် ထုတ်ခဲ့ဖူးသည်ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
“အရင် စံလွင် ဟိုပုံးရုံးမှာနေတုန်းက ကျနော်တော်တို့ကို အဲလို အမိန့်ထုတ်ဖူးတယ်။ မင်းတို့ရွာသားတွေက ပြောရခက်တယ် ဆုံးမလို့မရဘူး၊ မင်းတို့ရွာသား သေရင် ဟိုပုံသုဿာန်ကို မသုံးရဘူးဆိုပြီး ပြောတယ်။ ပြီးတော့ နောင်တောင်း ဆရာတော်ကိုလည်း ကျနော်တို့ ရွာသားတွေကို မကူညီဖို့ စံလွင်က သွားပြောထားတယ်”ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ပြည်သူများအား ယင်းမြေမှ ဖယ်ရှားရန် စစ်ကောင်စီ အုပ်ချုပ်ရေးဌာနများနှင့် PNO ပြည်သူ့စစ်က လုပ်ဆောင်နေပြီး ဒေသခံများကလည်း ဘိုးဘွားပိုင်မြေအား ပြန်လည်ရရှိရန် ရှေ့နေငှားပြီး ရင်ဆိုင်မည်ဟု ဆိုထားသည်။
ထို့သို့ လုပ်ဆောင်နေသည့် ကြားမှာပင် စစ်ကောင်စီ အုပ်ချုပ်ရေးဌာနများ၊ မြေပွဲစားများနှင့် PNO တို့က ဘက်ဖိုးများ၊ ထွန်စက်များ ဘူဒိုဇာများ အသုံးပြုကာ ညောင်ဗက်ကျေးရွာကို ဖျက်ဆီးရန် အကြိမ်ကြိမ် ကြိုးစားနေကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ညောင်ဗက်
#ဒေသခံများ
#ထွက်ခွာခိုင်း
#PNO
#မြေပွဲစားများ
#ဖိအားပေး








