မဲခေါင်၊ ဖေဖော်ဝါရီ ၇
စစ်မှုထမ်း ကင်းလွတ်ခွင့်ရရန် ငွေကြေးများကို တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူး သားအိုက အဆမတန် တောင်းခံနေသည့် အပြင် ရပ်ကွက်သူ၊ ရပ်ကွက်သားများကို ခြိမ်းခြောက် အကျပ်ကိုင်မှုများပါ ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။
ရတနာသီရိအုပ်ကြီး သားအိုသည် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းပီးနောက် နေပြည်တော်နှင့် ရပ်စောက် စစ်မှုထမ်း စိစစ်ရေးအဖွဲ့ ညွှန်ကြားချက်များထက် ကျော်လွန်ပြီး ၎င်းသဘောအတိုင်း စစ်မှုထမ်း ကင်းလွတ်ကြေးများကို ပိုမိုကောက်ခံနေရာ စစ်မှုထမ်းရန် အကျုံးဝင်သူများအား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းမှ သိန်း ၄၀ အထိ အမျိုးမျိုး ခြိမ်းခြောက် တောင်းခံနေကြောင်း ရပ်ကွက်နေသူများက ပြောသည်။
ရတနာသီရိ ရပ်ကွက်မှ အသက် ၁၈ နှစ် ၃၅ ကြား အမျိုးသားရှိသည့် အိမ်တိုင်း တစ်အိမ်လျှင် တစ်သိန်း မဖြစ်မနေ ထည့်ရမည်ဟု ဆိုကာ ရပ်ကွက်ရုံးသို့ ခေါ်ကာ ခြိမ်းခြောက် တောင်းယူခဲ့ရာ စစ်ကောင်စီ လက် အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သားများပါ ပါဝင်ပြီး မကျေနပ် ဖြစ်နေကြကြောင်း သိရသည်။
ထိုသို့ တောင်းခံရာတွင် နယ်မြေမှူး၊ ရာအိမ်မှူးများက ကူညီ ကောက်ခံပေးကြသလို ရရှိငွေများကို အဓိက ကောက်ခံပေးသည် ရပ်ကွက်ရုံးစာရေး ဖိုးလုံးကို ၃ ပုံ ၁ ပုံ ခွဲပေးကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး သားအိုသည် ရတနာသီရီ ရပ်ကွက်တွင်းမှ လူငယ် ၁၉ ဦးနှင့် မိဘများကို အစည်း အဝေးခေါ်ကာ တစ်ဦးလျှင် သိန်း ၄၀ အထိ သီးသန့် ထပ်တောင်းခဲ့ပြီး ၃ ရက်အတွင်း မပေးနိုင်ပါက စစ်မှု ထမ်းခိုင်းမည် ခြိမ်းခြောက် အကျပ်ကိုင်သဖြင့် မိဘများက ချေးငှားပေးခဲ့ရကြောင်းလည်း သိရသည်။
“နာမည်နဲ့ အတိအကျကို ရုံးမှာ မိဘကိုခေါ်ပြီး သိန်း ၄၀ တောင်းတာပါ။ မပေးနိုင်ရင် စစ်မှုထမ်းခိုင်းမယ် ပြောလို့ မိဘတွေက မရှိရှိတာရှာပြီး နာမည်ပါရင် မဖြစ်မနေကို ပေးရတာပါ။ အသက် ၃၀ က နေ ၃၅ နှစ် ဝန်းကျင် တယောက်ထဲ သီးသန့်ခေါ်ပြီး တောင်းတာ မဟုတ်ပါဘူး။ အစည်းဝေးခေါ်ပြီးကို တောင်းတာပါ။ မရှိရှိတဲ့ ချွေးနည်းစားတွေ ပေးရတာပါ။ တစ်ယောက် သိန်း ၄၀ တောင်းတာ မတတ်နိုင်လို့ လျှော့ပေးပါ ပြောတာကို အထက်က ကောက်ခိုင်းတာ စျေးလာမဆစ်နဲ့ ဒါက အရောင်းအဝယ် လုပ်နေတာမဟုတ်ဘူး လာမဆစ်နဲ့ လို့ပြောပါတယ်” ဟု ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
ထို့ပြင် လွန်ခဲ့သည့် ၃ ရက်ခန့်က စစ်မှုထမ်းသွားရင်း ရှေ့တန်းတွင် သေဆုံးသွားသည့် ရတနာသီရိ ရပ် ကွက်သားအတွက် စစ်မှုထမ်း စိစစ်ရေးဌာနမှ လျော်ကြေး ၈ ကျပ်သိန်း ပေးလာသည်ကို အုပ်ချုပ်ရေးမှူး သားအိုက ၂ သိန်းယူထားကာ ကျန်ရစ်သူမိသားစုအား ၆ သိန်းသာ ပြန်ပေးခဲ့ကြောင်း သိရသည်။
ရတနာသီရိ ရပ်ကွက်ရုံးတွင် မွေးစာရင်း၊ ထောက်ခံစာ၊ ဧည့်စာရင်း တိုင်ခြင်းများ ပြုလုပ်ပါကလည်း ရပ်ကွက်စာရေး ဖိုးလုံးက အနည်းဆုံး ကျပ်တစ်သောင်း မှ ၂သောင်းအထိ တောင်းခံနေကြောင်းလည်း သိ ရသည်။
၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် တောင်ကြီးမြို့နယ်အတွင်း အခြား ရပ်ကွက်များတွင် စစ်မှုထမ်းစရိတ် လစဉ် တစ်အိမ် ကျပ် ၅ ထောင်ခန့်မှ အများဆုံး ၅ သောင်းသာ ကောက် ခံနေချိန်တွင် တစ်ဦး တစ်သိန်းနှုန်း စကောက်ခဲ့သူမှာ ယင်းအုပ်ချုပ်ရေးမှူးသာ ဖြစ်ကြောင်း မြို့ခံများက ဆိုကြသည်။
“သူက အခုဆို သိန်းထောင်ချီတန်တဲ့ ကိုးရီးယားထုတ် hyundai လိုင်စင်ကား အဖြူရောင်တစ်စီး အပြင် မြို့ပေါ် ရပ်ကွက်တွေထဲမှာ အိမ်ဝိုင်း ၃ ဝိုင်းထက်မနည်း ၀ယ်ထားတယ်” ဟု ရတနာသီရိရပ်ကွက်နေသူ တစ်ဦးက ပြောပြသည်။
၎င်းသည်ယခင်ကတည်းက စစ်တပ်ထောက်ခံသူ၊ ကြံ့ခိုင်ရေးပါတီအား စီးပွားပျက်အောင် ထောက်ခံသူအဖြစ် တောင်ကြီးနယ်ခံများ အကြား နာမည် ကျော်ကြားသူဖြစ်ပြီး ကိုဗစ်ကာလ အတွင်းကလည်း ထောက်ပံ့ ပစ္စည်းများအား အလွဲသုံးစားပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။
၎င်းသည် လက်ရှိတွင် မြတ်တော်ဝင်ဆေးရုံရှေ့မှ High Great လက်ဖက်ရည်ဆိုင်၏ ပိုင်ရှင်လည်း ဖြစ် သည်။
#MeKongNews
#တောင်ကြီး
#စစ်မှုထမ်း
#ငွေတောင်း
#ခြိမ်းခြောက်
#ရတနာသီရိ
#သားအို








