မဲခေါင်၊ ဖေဖော်ဝါရီ ၆
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ယနေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းပစ်ခတ်မှုကြောင့် အသက် ၅၆ နှစ်အရွယ်ရှိ ဦးစိုးဏမှာ လက်နက်ကြီးကျည် ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲ ဖြစ်ပွားတာလည်း မရှိဘူး။ အဲဒါကို စစ်တပ်က ရုတ်တရက် ရွာထဲကို ပစ်ထည့်လိုက်တာ ဆိုတော့ ရွာသားတွေလည်း ရှောင်တိမ်းဖို့ အချိန်မရလိုက်ဘူး။ တစ်ဦးကတော့ ထိမှန်ပြီး ဆုံးသွားတယ်၊ နောက်တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျေးရွာသားများသည် နေအိမ်များတွင် မနေရဲတော့ဘဲ ဗုံးခိုကျင်းများနှင့် ဘေးကင်းမည်ဟု ယူဆရသည့် အနီးနားရှိ တောတောင်များ အတွင်းသို့ အရေးပေါ် တိမ်းရှောင်နေကြရကြောင်း သိရသည်။
အလားတူ ယမန် နေ့တွင်လည်း ကရင်နီပြည်၊ မော်ချီးမြို့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံး ကြဲ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံတစ်ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
#MeKongnews
#စစ်ကောင်စီ
#လက်နက်ကြီး
#ဖယ်ခုံ
#ဒေသခံ
#သေဆုံး








