မဲခေါင်၊ ဖေဖော်ဝါရီ ၆
လားရှိုးမြို့နယ်၊ နမ့်ပေါင်တိုက်နယ်အတွင်းရှိ ဝမ်စယ် ကျေးရွာသား ၉ ဦးကို MNDAA တပ်ဖွဲ့က ဖမ်း ဆီးထားသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိ သေးသဖြင့် ရှမ်းလူမှုအဖွဲ့အစည်း ၁၀ ဖွဲ့နှင့် ရှမ်းကျောင်းသားသမဂ္ဂ – Tai Students’ Union တို့က ယနေ့ ဖေဖော်ဝါရီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ကာ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ ဝမ်စယ်ကျေးရွာအတွင်းသို့ MNDAA တပ် ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒေသခံရွာသား ၉ ဦးကို သိန္နီမြို့ရှိ ၎င်းတို့၏ရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသူများမှာ စိုင်းပန်းစိန်၊ စိုင်းဆမ်၊ စိုင်းလူ၊ စိုင်းညွန့်၊ စိုင်းသန်း၊ စိုင်းပွင့်၊ စိုင်းမောင်၊ စိုင်း ထွန်းကျော်နှင့် စိုင်းစံမြတို့ ဖြစ်ကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ MNDAA နှင့်အတူ ပါလာသော တရုတ်လုပ်ငန်းရှင်များက ရွာခံပြည်သူပိုင် လယ်ယာမြေများကို အဓမ္မသိမ်းယူကာ ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကြိုးပမ်းခြင်းကို ဒေသခံများက ကန့်ကွက်ဆန္ဒပြရာမှ ပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြစဉ်အတွင်း MNDAA ဘက်မှ စက်သေနတ်များဖြင့် ရွာထဲသို့ ပစ်ခတ်မှုများရှိခဲ့ပြီး ဆန္ဒပြသူ ၃၆ ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့ရာ လက်ရှိတွင် ၉ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို မိသားစုနှင့် တွေ့ဆုံခွင့်မရရှိသေးဘဲ ဆန္ဒပြပွဲကို ဦးဆောင်သည့် ကျေးရွာသူကြီး စိုင်းနော်ဝမ်းနှင့် ကော်မတီဝင်တစ်ဦးတို့ လာရောက် အဖမ်းခံမှသာ ကျန်ရှိသူများကို လွှတ်ပေးမည်ဟု MNDAA ဘက်က ပြောဆိုထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်ကလည်း သီပေါမြို့နယ်၊ ပန်မြိုင်းရွာသား လုံးမြိုင်မှာ MNDAA ၏ ရိုက်နှက်စစ်ဆေးမှုကို ခံရပြီးနောက် သေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သဖြင့် ဖမ်းဆီးခံ ရွာသားများ၏ အသက်အန္တရာယ်အတွက် မိသားစုဝင်များက အထူးစိုးရိမ်လျက်ရှိသည်။
ရှမ်းလူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်းနှင့် လယ်ယာမြေများကို အဓမ္မ သိမ်းယူခြင်းတို့ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဖမ်းဆီးထားသူများကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို အာမခံပေးရန် အလေးအနက် တောင်းဆိုထားသည်။
#MeKongnews
#MNDAA
#ဖမ်းဆီး
#ဝမ်စယ်ရွာခံ
#လွှတ်ပေး
#တောင်းဆို








