မဲခေါင်၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် သံဃာတစ်ပါးအား လူတစ်စုက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ ၂၈ ရက် နံနက် ၆ နာရီခွဲခန့်က လားရှိုးမြို့၊ (၄)ရပ်ကွက်ရှိ မဟာဗောဓရုံကျောင်းမှ သံဃာ တစ်တစ်ပါးကို လူတစ်စုက ကျောင်းဝင်းအတွင်း ဝင်လာပြီး သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ တရားခံများကို မဖမ်းမိသေးဘဲ အခင်းဖြစ်ရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
“ဘယ်သူတွေဆိုတာတော့ မသိရဘူး၊ ဒါပေမယ့် အုပ်စုဖွဲ့သတ်ဖြတ်တာ၊ ရဟန်းတောင် သတ်တာဆိုတော့ ဥပဒေအပြင် ဘာသာရေးပါ အလေးထားမှု မရှိတော့တာပဲ။ ဘာမှ လုံခြုံမှုမရှိတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပျံလွန်တော်မူသည့် ဦးဇင်း၏ဘွဲ့မှာ ဦးကေသရဖြစ်ပြီး ခေါင်းတွင် ထုနှက်ခံထားရသည့်ဒဏ်ရာ၊ သွားများ ကျိုးပဲ့နေသည့် ဒဏ်ရာနှင့် ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ပေါ်၁၂ ရပ်ကွက်ကို တရုတ်ဖိအားဖြင့် ပြန်လည် ထိန်းချုပ်ထားသည့် စစ်ကောင်စီသည် ဥပဒေစိုးမိုးရေးကို အပြည့်အဝ မဆောင်ရွက်နိုင်သဖြင့် ခိုး၊ ဆိုး၊ လုယက်မှုနှင့် ပြန်ပေးဆွဲ၊ ပစ်ခတ််သတ်ဖြတ်မှုများ နေ့စဥ်လို ဖြစ်ပွားနေရာမှ ယခုတွင် သံဃာတော်ကို သတ်ဖြတ်သည်အထိ ကျူးလွန်လာနေခြင်း ဖြစ်သည်။
သို့သော်လည်း လားရှိုးမြို့တွင်ဖြစ်နေသည့် ရာဇဝတ်မှုများကို စစ်ကောင်စီက အရေးယူခြင်း မရှိသလို တရားဥပဒေ စိုးမိုးမှုမရှိကြောင်း လူမှုကွန်ရက်ပေါ် ဝေဖန်ခဲ့သည့် အေးသာယာမြို့မှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်မှုဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သေးသည်။
#MeKongNews
#လားရှိုး
#သံဃာ
#သတ်ဖြတ်








