မဲခေါင်၊ ဇန်နဝါရီ ၂၇
တစ်ပြည်လုံးနီးပါး လိုင်စင်မဲ့ကားစီးသည့် ရှမ်းပြည်၌ မိုးနဲမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းမင်းထွန်းနှင့် ဒုစခန်းမှူးရဲအုပ်တင်အောင်ဇော်တို့ကို လိုင်စင်မဲ့ကားများ လက်ဝယ်ထားရှိမှုဖြင့် ယမန်နေ့တွင် နမ့်စန်ခရိုင်ရဲရုံးက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီရဲချုပ် ရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး မိုးနဲသို့ ရောက်ရှိစဥ်အတွင်း ရဲစခန်းသို့ ဝင်ရောက် ကြည့်ရှုရာမှ စခန်းမှူးသည် အကြောင်းပြချက်မရှိဘဲ စခန်းအတွင်း မရှိရာမှစ၍ လိုင်စင်မဲ့ကားပါ တွေ့ရှိပြီး ယခုကဲ့သို့ ဖမ်းဆီးချုပ် နှောင်ခံရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“ရဲချုပ်က တာဆန်းတံတား ဖွင့်ပွဲလာရင်း စခန်းစစ်တာမှာ စခန်းမှူးမရှိတာ၊ စခန်းထဲ ရပ်ထားတဲ့ကားတွေ မေးတော့ စခန်းမှူးကား လိုင်စင်မဲ့လို့ သိသွားတာရယ်၊ ရဲစခန်းအနောက်ဘက် ခြံစည်းရိုးတွေ ပျက်နေတာ မပြင်တာတွေရော အရင်ပြစ်ချက် သတိပေးမင်နီတွေရောနဲ့ ဖမ်းခံရတာ”ဟု ၎င်းက ပြောသည်။
ရဲချုပ် ဝင်းဇော်မိုးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်တွင် မိုင်းပန်မြို့နယ်ရှိ တာဆန်း တံတားသစ်ဖွင့်ပွဲသို့ လာရောက်စဥ် မိုးနဲရဲစခန်းသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်တွင် နမ့်စန်ခရိုင်ရဲရုံးထံ စခန်းမှူးအား သတင်းပို့ခိုင်းပြီးနောက် ကားနှင့်အတူ ဖမ်းဆီးချုပ်နှောင်ခံရခြင်း ဖြစ်ပြီး ရဲအုပ်လည်း လိုင်စင်မဲ့ကားနှင့်အတူ အဖမ်းခံကြရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းရဲစခန်းမှူးမှာ ယခင်က လောင်းကစားဝိုင်းများကို ငွေယူကာ ဖွင့်ခိုင်းခဲ့သည့်အတွက် သတိပေးခံထားရပြီး ဒုမြို့နယ်မှူးသည် ဂိတ်တွင် ငွေတောင်းကြမ်းသူ ဖြစ်ကြောင်းသိရကာ အစားထိုး စခန်းမှူးအဖြစ် နမ့်စန်မှ ဒုရဲမှူး မျိုးခိုင် လာရောက်ရန် ရှိနေကြောင်း သိရသည်။
#MeKongNews
#မိုးနဲ
#ရဲစခန်းမှူး
#ဒုမြို့နယ်မှူး
#လိုင်စင်မဲ့ကား
#ဖမ်းဆီးခံရ








