မဲခေါင်၊ ဇန်နဝါရီ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးစစ်ဆေးရေးဂိတ် တာဝန်ကျ စစ်ကောင်စီ တပ်သားများက ဖြတ်သန်းသည့် မည်သည့် ယာဥ်မဆို အဓမ္မ ငွေတောင်းနေကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ယာဥ်မောင်းများထံမှ သိရသည်။
ဗထူးတပ်မြို့ အရာခံ၊ အကြပ်၊ စစ်သည် သင်တန်းကျောင်းမှ အရာခံဗိုလ် တင်မျိုးထွန်း ဆိုသူ တာဝန်ယူထားသည့် ဂိတ်မှ ကားတိုင်းကို ဂိတ်ကြေးတောင်းနေပြီး စက်ပစ္စည်းနှင့် တရားမဝင်ဟု သတ်မှတ်ကုန်ပစ္စည်းများကို လွှတ်ပေးရန် အခြားအဖွဲ့များနှင့် ပူးပေါင်း၍ ကျပ်သိန်းရာချီ တောင်းယူနေကြောင်း သိရသည်။
“တရားမဝင်ကုန် ဘာမှမပါလည်း ပေးရတယ်၊ ရှင်းပြပြောပြလည်း နားမပေါက်ဘူး။ တရားမဝင် ကုန်ကားတွေကတော့ သိန်းရာချီပဲပေးရတာ၊ စစ်တပ်အဓိက ဖြစ်နေတော့၊ သူအဓိက ဖြစ်နေတာ။ သူလွှတ်မှ သွားလို့ရတာ၊ ပိုဆိုးတာက အခွန်ဆောင်သွားနေတဲ့ ပြောင်းကားတွေကိုပါ မပေးရင် မသွားရဘူး ဖြစ်နေတာပဲ။ တရားဝင် အခွန်ဆောင်တာကို ဂိတ်ဖြတ်သန်းခက သပ်သပ်ပေးရမှာဆိုပြီး သိန်းဆယ်ချီ လိုချင်နေတာ။ မပေးမချင်း ရစ်တယ်”ဟု ပြောင်းတင် ကားသမားတစ်ဦးက ပြောသည်။
ရှမ်းမြောက်မှ ကုန်စည်များကို အကောက်ခွန်မဲ့ တင်ဆောင်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးလျက်ရှိရာ ယင်းဂိတ်သည် ရှမ်းတောင် အဝင်ဂိတ်အဖြစ် အဓိက ဖမ်းဆီးနေသည့် ဂိတ်ဖြစ်ပြီး ရှမ်းမြောက်သို့ တင်ပို့နေသည့် ပြောင်းတင်ကားများ အတွက်မူ အဓိက ဖြတ်သန်းရသည့် ဂိတ်တစ်ဂိတ် ဖြစ်နေသည်။
ယမန်နှစ်အတွင်း ယင်းဂိတ်မှာ လာဘ်လာဘ်ယူကြောင့် ရပခစစ်တိုင်းမှူး အဖမ်းခံခဲ့ရပြီးနောက် ဗျူဟာမှူး အဆင့်တစ်ဦး လာရောက်၍ ယာဥ် ၆၈ စီးဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ အဖမ်းအဆီးပြ ငွေတောင်းယူနေမှု သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
#MeKongNews
#ရပ်စောက်
#ဖြတ်သန်းကား
#ဗထူးဂိတ်စောင့်တပ်
#အဓမ္မ
#ငွေတောင်း








