မဲခေါင်၊ ဇန်နဝါရီ ၂၆
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယာဉ်များကို ပိတ်ဆို့စစ်ဆေးရာ ဓားရှည်လွယ်သူ လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်က အစစ်ဆေးမခံဘဲ မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီရာမှ တစ်ဦးသေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက၊် နံနက်၂ နာရီခွဲခန့်က ကျိုင်းတုံမြို့အမှတ် – ၃ ရပ်ကွက် မြို့သစ်ရပ် နောင်ကုန် ကျေးရွာသွားလမ်းနှင့် သစ်ခွလမ်းထောင့်တွင် ကျိုင်းတုံမြို့တွင်းဘက်မှ နောင်ကုန် ကျေးရွာဘက်သို့ လာသည့် ဆိုင်ကယ်တစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဥ် ရှာဖွေစစ်ဆေးရေးအဖွဲ့အား အရှိန်ဖြင့် ဖြတ်မောင်းသဖြင့် ရဲကပစ်ခတ်ရာမှ ဆိုင်ကယ်နောက်တွင် ဓားရှည်လွယ် လိုက်ပါလာသည့် ဘဲလေးဆိုသူမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိ၍ အခင်းဖြစ်ရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ရဲက ခြောက်လှန့်ပစ်တာ ပြောတယ်၊ ၂ ချက်ပစ်တာ နောက်အချက်က မှန်တာ၊ ပွဲချင်းပြီးပဲ”ဟု ဖြစ်စဥ်ကို သေချာ သိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဆိုင်ကယ်မောင်းသည့် ကျဖေ့ဆိုသူကိုလည်း ဖမ်းဆီးမိခဲ့ပြီး ဓားရှည်လွယ်ထားသူ ဘဲလေး၏ လွယ်အိတ်ထဲမှ စိတ်ကြွရူးသွပ်ဆေးအပြား ၁၅၀၊ ကျဖေ့လွယ်ထားသော လွယ်အိတ်ထဲမှ စိတ်ကြွရူးသွပ်ဆေး ၁၉၄ ပြား၊ အအေးစုပ်ပိုက်အတွင်း အပြား ၅၀၊ ၉ လက်မအရှည် ဓားတစ်ချောင်း၊ Cutter တစ်ချောင်း၊ တူတစ်ချောင်း၊ အင်စပတ်တာတစ်ချောင်း၊ ပလာယာတစ်ချောင်း၊ ခေါင်းစွပ်ဓာတ်မီးတစ်ခု၊ လွယ်ထားသည့် ဓားရှည်တစ်ချောင်းတို့ ရှာဖွေတွေရှိခဲ့ကြောင်း သိရသည်။
#MeKongNews
#ကျိုင်းတုံ
#မောင်းပြေး
#ဆိုင်ကယ်
#ပစ်ခတ်ဖမ်းဆီး
#သေဆုံး








