မဲခေါင်၊ ဇန်နဝါရီ ၂၂
တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ ထိပ်တိုက်တွေ့နေသည် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ နန်းပန်း ချောင်းကူးတံတား ကျိုးကျရခြင်းမှာ တိုက်ပွဲကြောင့် မဟုတ်ဘဲ ဝန်ပိုတင်ကားတစ်စီးကြောင့် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဖြစ်စဥ်မှာ ဇန်နဝါရီ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ပြီး တံတားခံနိုင်ဝန်ထက် ကုန်ပိုတင်၍ မောင်းသွားသည့် ကားကြောင့် ကျိုးကျသွားခြင်း ဖြစ်ကြောင်း မြစ်ဆုံရွာခံတစ်ဦးက ပြောသည်။
“ဒီတံတား ကျိုးကျ ပျက်စီးသွားတာဟာ လေယာဉ်ဗုံးလာချလို့တစ်မျိုး၊ ဒီဘက်က တံတားကို ဖျက်ဆီးလို့တစ်ဖုံ၊ ဟိုဘက်က ဖျက်ဆီးပစ်တယ်လို့ အမျိုးမျိုး ထင်ကြေးပေးပြီး ပြောဆိုနေကြပါတယ်။ အမှန်က ဝန်ပိုတင်ကားကြောင့် ပါ”ဟု ၎င်းက ပြောသည်။
ယင်းတံတားကို ပြုပြင်ရန် ကြိုးပမ်းနေကြသော်လည်း စစ်ရေးအခြေအနေအရ ပြင်ဆင်မှု ကြန့်ကြာနေသည်ဟု ဒေသခံများထံမှ သိရသည်။
ယခုလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ် အစပ်ဖြစ်သော ထုံးဖိုရွာ၊ ဟွေလိပ်ရွာ၊ ကုန်းမကန်းရွာများ၏ တောင်ကြောတစ်လျောက်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး လက်ရှိအထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။
#MeKongNews
#နန်းပန်းတံတား
#ကျိုးကျ
#တိုက်ပွဲ
#ကုန်ကား








