မဲခေါင်၊ ဇန်နဝါရီ ၂၀
မူဆယ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်ဝင်းအောင်အမိန့်ဖြင့် မူဆယ်မြို့ရှိ တရားမဝင်လုပ်ငန်းများမှ လိုင်းကြေးတိုးတောင်းနေပြီး ပြည်တန်ဆာရုံနှင့် ကျားဖြန့်လုပ်ငန်းများတွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ၏ လူဦးရေအလိုက် လိုင်းကြေးများကို မူဆယ်ရဲတပ်ဖွဲ့က တိုးမြှင့် တောင်းနေကြောင်း ပြည်သူ့စစ်နှင့် ရုံပိုင်ရှင်များထံမှ သိရသည်။
ယင်းအတွက် ကျားဖြန့်၊ KTVနှင့် ပြည့်တန်ဆာရုံများအား ဧည့်စာရင်း တိုင်ကြားရန် မူဆယ်ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမိန့်ထုတ်ထားပြီး စခန်းမှူး ဒုရဲမှူး နေယုဆန်းနှင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲနောင်အပါဝင် တာဝန်ရှိ ရဲအရာရှိများက ပိုင်ရှင်နှင့်တာဝန်ခံပြည်သူ့စစ်များကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်တွင် ခေါ်ယူတွေ့ဆုံပြီး လိုင်းကြေးထပ်မံ တိုးတောင်းခဲ့ကြောင်း ၎င်းတို့က ပြောသည်။
လောင်းကစားရုံမျာမှာ ယခင်က တစ်ရုံလျှင် ကျပ်၂၅ သိန်း လိုင်းကြေး ပေးနေရသော်လည်း ဖေဖော်ဝါရီ လမှစ၍ ၃၅ သိန်းအထိ တိုးမြှင့်မည်ဖြစ်ပြီး နောက်လများတွင်လည်း ထပ်တိုးမည်ဟု ရဲတပ်ဖွဲ့ သ တင်းရင်းမြစ်များထံမှ သိရသည်။
ထို့ပြင် ယခင်က လိုင်းကြေး အနည်းငယ်ပေးပြီး ဖွင့်ထားသည့် KTV ဆိုင် အားလုံးသည် ယခုအခါ K၊ ICE၊ HappyWater နှင့် စိတ်ကြွဆေးပြားများ ရောင်းနေကြသည့်အတွက် ဖေဖော်ဝါရီလမှစ၍ တစ်ဆိုင်လျှင် ၂၅ သိန်းကျပ် ပေးရမည်ဟု စုံစမ်းသိရှိရသည်။
မူဆယ်နယ်ထိန်းတပ်ဖွဲ့၏စာရင်းဇယားများအရ မြို့ပေါ်ရပ်ကွက် ၉ ခုရှိ လောင်းကစားရုံများမှာ စွမ်စောတွင် ၁၉ ရုံ၊ ဟိုနား ၉ ရုံ၊ ကားလေးဝန်း ၂ ရုံ၊ ကားကြီးဝန်း အနောက်ခြမ်းတွင် ၆ ရုံ၊ မင်္ဂလာမူဆယ် ၈ ရုံ ရှိနေကြောင်း သိရသည်။၊
KTV ဆိုင်များမှာ ဟိုမွန် ၃၄ ဆိုင်၊ ဟိုနား ၁၉ ဆိုင်၊ စွမ်စော ၂၃ ဆိုင်၊ တောင်ရပ်ကွက် ၅ ဆိုင်၊ ခရစ္စ ယာန် ရပ်ကွက် ၄ ဆိုင်၊ ကောင်းမှုတုန် ၈ ဆိုင်၊ ကောင်းမှုလွယ် ၆ ဆိုင်၊ မြောက်ရပ်ကွက် ၄ ဆိုင်၊ ဆင် ဖြူ ၇ ဆိုင်နှင့် မင်္ဂလာမူဆယ်တွင် ၉ ဆိုင်ရှိကြောင်း သိရသည်။
တရားမဝင်အပေါင်ဆိုင်မှာ ဆင်ဖြူဈေးတွင် ၃၄ ဆိုင်၊ မြို့ရှောင်လမ်းတွင် ၁၅ ဆိုင်၊ ဟိုနား ၁၈ ဆိုင်၊ ကားလေးဝန်းတွင် ၃ ဆိုင်နှင့် ကားကြီးဝန်း အနောက်ခြမ်းတွင် ၉ ဆိုင် ရှိနေသည်။
“ဆိုင်ကယ်အလုခံရလို့ နိုဝင်ဘာ ၂၄ ရက်က စခန်းကို သွားတိုင်တော့ တာဝန်မှူးက ဒီလောက် လူအများကြီးမှာ ဘယ်လိုမှ ပြန်ရစရာမရှိဘူးဆိုပြီး ပြောခဲ့တယ်၊ အမှုဖွင့်မပေးခဲ့ဘူး။ ဒါနဲ့ ကျနော့သားက အပေါင်ဆိုင်တွေမှာ လိုက်စုံစမ်းတော့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်က ကျော်နိုင်ရဲ့ အပေါင်ဆိုင်မှာ သွားတွေ့တယ်။ အဲဒါနဲ့ ဒီဇင်ဘာ ၉ ရက်က ရဲစခန်းက တာဝန်မှူးကို သွားပြောတော့ ခင်ဗျားက အမှုမှမဖွင့်ထားတာ ကျနော်တို့ဘက်က ဘယ်လိုမှ ဆောင်ရွက်ပေးလို့ မရဘူးလေဆိုပြီး ပြောလွှတ်လိုက်တယ်။ ဘာမှ မလုပ်ပေးခဲ့ဘူး၊ နယ်ထိန်းခေါင်းဆောင် ရဲနောင်ကိုလည်း ပြောတယ် အတွေ့မခံဘူး။ ထိုင်နေတာ မြင်နေရတာကို သူ့တပည့်ကို မရှိဘူးလို့ ပြောခိုင်းတယ်။ ရဲနောင်တို့အဖွဲ့က ငွေရတာကိုပဲ စိတ်ဝင်စားတာ”ဟု မြောက်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
လောင်းကစားရုံအနီးရှိ တရားမဝင် အပေါင်ဆိုင်များတွင် ၁၀ ရာခိုင်နှုန်းအတိုးပေးရပြီး ၇ ရက် အ တွင်း မရွေးပါက အဆုံးဖြစ်သည်။
အပေါင်ဆိုင်တစ်ဆိုင်၏ ရဲလိုင်းကြေးမှာ ဆိုင်အကြီး အသေးအလိုက် တစ်လ ၁၅ သိန်းကျပ်မှ ၃၅ သိန်းထိ ပေးရသည်ဟု သိရသည်။
“ဒီမှာပေါင်ပြီး လောင်းကစားလုပ်ကြတာ။ ဆိုင်က လိုင်းကြေးပေးရပေမဲ့ တစ်လကို သိန်း ၇၀ ကျော် ၈၀ လောက်တော့ ကျန်တယ်”ဟု အပေါင်ဆိုင် ပိုင်ရှင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
အပေါင်ဆိုင်တွင် ပြဿနာ တစ်စုံတရာတက်လျှင် အပိုင်နယ်ထိန်းက တာဝန်ယူ ဖြေရှင်းပေးရပြီး အပေါင် ပစ္စည်းက ခိုးရာပါဖြစ်လျှင် ရဲစခန်းရှိ တာဝန်ကျ တာဝန်မှူးက ဖြေရှင်းပေးရသည်ဟု သိရသည်။
“ကျနော်တို့ ကျားဖြန့်ကို ရဲတွေက အကာကွယ် လုပ်ပေးထားတယ်။ မတတ်နိုင်လို့ ဖမ်းရတော့မယ်ဆိုရင် နယ်ထိန်းခေါင်းဆောင်၊ စခန်းမှူးနဲ့ တာဝန်မှူးတို့က ကြိုပြီး သတင်းပေးတယ်။ အရင်က တစ်ရုံကို သိန်း ၆၀ ကျော်ပေးရတယ်။ အခု ရဲစခန်းတစ်ခုထဲကိုပဲ သိန်း ၁၀၀ ကျော် ပေးနေရတယ်”ဟု ဖူလီလိုက်လမ်းကြား၊ အရံမီးသတ်အနီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အိမ်ရှေ့ရှိ ကျားဖြန့်ပိုင်ရှင်တစ်ဦးက ပြောသည်။
မူဆယ်မြို့တွင်ကျားဖြန့်ရုံ ၅၀ ကျော်ရှိပြီး တရားမဝင် လာရောက်နေထိုင်သူ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ရှိသည်ဟု စုံစမ်းသိရှိရသည်။
ကျားဖြန့်ရုံအများစုနှင့် ပြည့်တန်ဆာရုံ အာလုံးကို နမ့်ခမ်းမြို့မ ပြည်သူ့စစ်နှင့် တာမိုးညဲ ပြည်သူ့စစ်တို့က တာဝန်ခံပြီး လိုင်းကြေးပေးနေကြောင်း သိရသည်။
#MeKongNews
#တရားမဝင်လုပ်ငန်း
#တရုတ်နိုင်ငံသား
#မူဆယ်ရဲ
#လိုင်းကြေး
#တိုးတောင်း








