မဲခေါင်၊ ဇန်နဝါရီ ၁၄
ပအိုးဝ်ဒေသခံများကို ပေါ်တာဆွဲကာ တိုက်ပွဲအတွင်း စစ်လက်နက် ရိက္ခာများ သယ်ယူပို့ဆောင်ရန် စစ်ကောင်စီ လက်အောက်ခံ PNO က အတင်းအဓမ္မ ခိုင်းနေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပန်းတခွါးကျေးရွာ၊ ထီနဲ့ကျေးရွာနှင့် သိန်းဖြီနာကျေးရွာတွင် ဒေသခံ ၁၀ ဦး ထက်မနည်းကို PNO က ခေါ်ယူကာ စစ်သုံးပစ္စည်းများကို ထမ်းခိုင်းခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူတို့လူ လိုရင်လိုသလို လာလာ ခေါ်သွားတာဗျ၊ အခု နောက်ဆုံးသွားရတဲ့ သူတွေဆို ၄ ရက်ရှိပြီ၊ ပြည်သူ့စစ်တွေရဲ့ ရိက္ခာတွေ ကျည်ဆံတွေကို ထမ်းပို့ပေးရတယ်။ ပွန်ချောင်း အနောက်ဘက်ကနေ ပွန်ချောင်း အရှေ့ဘက်ကို ကူးပြီး ထမ်းပို့ပေးရတာ။ တိုက်ပွဲဖြစ်တဲ့ နေ့ကလည်း ထမ်းပို့ပေးရတယ်”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ထို့ပြင် PNO က ထုတ်ပြန်သည့် ဗီဒီယိုတခုတွင်လည်း ၎င်းတို့က လက်နက်များဖြင့် စောင့်ကြည့်ကာ ပြည်သူများအား ပစ္စည်းသယ်ခိုင်းပြီး ပွန်ချောင်း ဖြတ်ကူးနေသည်ကို တွေ့ရသည်။
ယင်းဗီဒီယိုတွင် ဒေသခံရွာသား ၅ ဦးထက်မနည်း ပြည်သူစစ်များ၏ ပစ္စည်းများကို သယ်ပေးနေရသည်ကို တွေ့ရသည်။
၎င်းတို့သည် ပန်တခွါး ရွာသားများဖြစ်ပြီး ပွန်ချောင်းကို ဖြတ်ကူးနေသည်မှာ မှန်ကန်သည်ဟုလည်း သတင်းရင်းမြစ်က ယင်းဗီဒီယိုကို အတည်ပြုသည်။
“ဟုတ်တယ်။ အဲ့ဒါရွာသားပဲ။ ပန်းတခွါး အရှေ့ဘက်က ပွန်ချောင်းကို ကူးတဲ့နေရာပဲ” ဟု ၎င်းက ပြောသည်။
PNO သည် ကဒူးကြီးဒေသမှ တစ်ဆင့် သံလွင်မြစ် အရှေ့ခြမ်းနှင့် ကရင်နီပြည် ရှားတောအထိ ထိုးစစ်ဆင်မည်ဟု ဆိုကာ လက်ရှိတွင် ကဒူးကြီးဒေသ တိုက်ပွဲအတွင်း ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ကို တွေ့ရသည်။
ယင်းသို့ လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် ပြည်သူများအနက် ၂ ဦးကို စစ်ကောင်စီအား တော်လှန် တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – PNLO /PNLA က ဇန်နဝါရီ ၁ ရက်တွင် ကယ်တင်ထားကြောင်းလည်း သတင်းများအရ သိရသည်။
#MeKongNews
#လက်နက်ရိက္ခာ
#ပအိုးဝ်
#PNO
#ပေါ်တာဆွဲ








