မဲခေါင်၊ ဇန်နဝါရီ ၅
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ တံတားကန်အလက၌ ကျောင်းအုပ်ကြီး ဒေါ်ဖြိုးဖြိုးဝေက အချိန်ပိုကြေးဟုဆိုကာ ငွေတောင်းနေသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကျောင်းပျော် (KG) တန်းနှင့် ပထမတန်းအတွက် တစ်လ ၅ ထောင်ကျပ်နှင့် ကျန်အတန်းရှိ ကလေးများအား တစ်သောင်းနှုန်းဖြင့် တောင်းယူနေကြောင်း ဒေသခံများက ပြောသည်။
“အစိုးရစစ် အတန်းမလို့ အချိန်ပို သင်ရတယ် ဆိုလည်း ထားပါတော့နော၊ အခုက သူငယ်တန်း ပထမတန်းလေဟ၊ အချိန်ပိုလိုလို့လား သက်ဆိုင်ရာ ပညာရေးမှူးတွေ လာရောက် စစ်ဆေး တားမြစ်ပေးဖို့ လိုအပ်နေပါပြီ။ အချိန်ပိုကြေး ကောက်နေတာကို ဘယ်သူမှ မသိစေနဲ့ မပြောရဘူးလို့ကျောင်းအုပ်ကြီးက အမြဲ ခြိမ်းခြောက်တယ်။ လကုန်ပြီးတိုင်း သူကောက်တဲ့ငွေ ချက်ချင်းပေးရတယ်။ တစ်ရက်နှစ်ရက် နောက်ကျလည်း မရဘူး။ သူငွေကောက်နေတာ တစ်နှစ်လောက် ရှိတော့မယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့ပြင် ကျောင်းစုံညီပွဲအတွက် ဟုဆိုကာ ရွာလူကြီးနှင့် ပေါင်းပြီး ကျေးရွာအတွင်း တစ်အိမ်ထောင် ကျပ် ၂ သောင်းခွဲ မထည့်မနေရ တောင်းခဲ့သေးကြောင်း ရွာခံများထံမှ သိရသည်။
“ရွာအိမ်ခြေ ၃၀၀ ကျော် ရှိပါတယ်။ စုံညီပွဲလုပ်တာ ၁၀ သိန်းတောင် ကုန်ပါ့မလားမသိဘူး။ မတရား ကောက်စား နေတာပါ”ဟု ရွာခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ကျောင်းအုပ်ကြီး၏ မတရား ငွေကြေးကောက်ခံမှုများနှင့် ခြိမ်းခြောက် ပြောဆိုမှုများကြောင့် ကျောင်းသားမိဘများ အနေဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရပြီး သက်ဆိုင်ရာ ပညာရေးမှူးများ အနေဖြင့် အမြန်ဆုံး လာရောက် စစ်ဆေး အရေးယူပေးရန် ဒေသခံများက လိုလားလျက်ရှိသည်။
လက်ရှိတွင် တံတားကန်အလကကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦးခန့် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
#MeKongNews
#ဘော်ဆိုင်း
#တံတားကန်
#ကျောင်းအုပ်ကြီး
#ငွေတောင်း








