မဲခေါင်၊ ဇန်နဝါရီ ၅
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO ထိန်းချုပ်ထားသည့် ကဒူးကြီးဒေသ အပါအဝင် ထိုင်းနယ်စပ် နှင့် ကရင်နီပြည်၊ ရှားတောအထိ ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်ကောင်စီနှင့် လက်အောက်ခံ PNO – ပြည်သူ့စစ်က အင်အားထပ်မံ ဖြည့်တင်းထားပြီး စစ်ပြင်ဆင်နေသည်ဟု သတင်း ရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် PNO က နောင်ထောဝ် ကျေးရွာနှင့် ဟိုနမ့် ကျေးရွာအုပ်စု ထီဟန်းခြွီတွင် အင်အား အလုံးအရင်း ဖြည့်တင်းထားပြီး PNLO ဌာနချုပ်ဘက်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ထို့ပြင် ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုရန်လည်း ခေါ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
“အခု အင်အား ၅၀၀ ရှိတယ်၊ စစ်ကြောင်း ၂ ကြောင်းခွဲထားတယ်။ ရွာသားတွေကိုလည်း အရှေ့ကနေ သွားဖို့ သူတို့ ထပ်ခေါ်ထားတယ်ဗျ။ သူတို့ ပြောတာက ကဒူးကြီးကနေ ရှားတောအထိ ထိုးမယ်တဲ့။ အဲဒါ အောင်မြင်ရင် သံလွင် အရှေ့ဘက် ကူးပြီး ထိုင်းနယ်စပ်အထိ ယူမယ်ဆိုပြီး ပြောနေတယ်ဗျ”ဟု သတင်းရင်းမြစ်တဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်တွင်လည်း PNO က ထိုးစစ်တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ၎င်းတို့ဘက်မှ ၇ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရသဖြင့် ပြန်လည် ဆုတ်ခွာခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
“ငါတို့ ရွာသား ၆ ဦးကို PNO က လူသားဒိုင်းလုပ်ပြီး ရှေ့ကနေ သွားခိုင်းတာ ရှေ့ဆုံးသွားတဲ့ ၂ ယောက်က တိုက်ပွဲ ဖြစ်တဲ့အချိန် PNLO တပ်နဲ့ ပိုနီးသွားတော့ PNLO က ကယ်ထားလိုက်တယ်။ ကျန်တဲ့ ၄ ယောက်ကတော့ ရွာကို ပြန်ပြေးလာတယ်။ အခုလည်း PNO ကထိုးစစ် ပြန်လုပ်မယ်ဆိုပြီး လူထပ်ဖြည့်ထားတယ်”ဟု ဒေသခံ သတင်းရင်းမြစ် က ပြောသည်။
PNO ဝါဒ ဖြန့်ချိရေးကမူ ကဒူးကြီးဒေသကို သိမ်းပိုက်ပြီးပါက သံလွင်မြစ် အရှေ့ဘက်ကူးကာ ထိုင်းနိုင်ငံနယ်စပ် နှင့် တောင်ဘက်တွင် ကရင်နီပြည်၊ ရှားတောအထိ ထိုးစစ်ဆင် သိမ်းပိုက်မည်ဟု ပြောဆိုထားသည်။
မြေပြင်တွင်လည်း ထိုးစစ် အောင်မြင်ပါက ထိုင်းနယ်စပ်အထိ လမ်းဖောက်ပေးမည် ဟုဆိုကာ ဒေသခံများကို တိုက်ပွဲတွင် ပါဝင်ကြရန် PNO က စည်းရုံးနေသည်။
ကဒူးကြီးဒေသသည် RCSS နှင့် PNLO တပ်ဖွဲ့များ လှုပ်ရှားသည့် နေရာဖြစ်ပြီး ရှားတောသည် ကရင်နီပြည်၏ မြို့နယ်တစ်ခု ဖြစ်ကာ နယ်မြေချင်း ထိစပ်နေသည်။
#MeKongNews
#ကဒူးကြီး
#ထိုင်းနယ်စပ်
#ထိုးစစ်ဆင်
#စစ်ကောင်စီ
#PNO








