မဲခေါင်၊ ဒီဇင်ဘာ ၂၉
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယနေ့ ဒီဇင်ဘာ ၂၉ ရက် နံနက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း နေအိမ် ၂ လုံးနှင့် ယာဉ်အချို့ ထိခိုက်မှုရှိသော်လည်း လူထိခိုက်မှုမရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“မနက် ၂ နာရီကျော်မှာ လေယာဉ်နဲ့ လာကြဲသွားတယ်။ လူထုတွေနေတဲ့ ရွာကို လာကြဲတာ ကံကောင်းတယ်။ လူတွေ မထိခိုက်ပေမယ့် အိမ် ၂ လုံးထိခိုက် ပျက်စီးမှုတော့ရှိတယ်”ဟု သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။
ကရင်နီပြည်၊ မြန်မာ – ထိုင်းနယ်စပ်ရှိ မယ်စဲ့မြို့နယ်သည် စစ်ကောင်စီ ကင်းစင်သည့် နယ်မြေဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လမှ စတင်ကာ မယ်စဲ့မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိတွင်လည်း စစ်ကောင်စီ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့ဖြစ်သည်။
“၂၀၂၃ ကတည်းက အတိုက်အခိုက် မရှိတာ။ အခု ဘာတိုက်ပွဲမှ မရှိဘဲ ဗုံးကြဲတာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကရင်နီပြည်တွင် ရှားတောမြို့နယ်၊ မယ်စဲ့မြို့နယ်နှင့် ဖားဆောင်းမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆၃ ခုကို အရေးပေါ် အခြေအနေ ကြေညာထားသလို စစ်ကောင်စီ ပြုလုပ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မြို့နယ်စာရင်းထဲ ပါဝင်သည်။
#MeKongNews
#မယ်စဲ့
#စစ်ကောင်စီ
#ဗုံးကြဲတိုက်ခိုက်
#ကရင်နီ








