မဲခေါင်၊ ဒီဇင်ဘာ ၂၆
စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် – PNO တို့ အင်အား ဖြည့်တင်းပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေသောကြောင့် မောက်မယ်မြို့နယ်၊ ဗန်းမတ်ဒေသခံ ထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယခုတစ်ပတ်အတွင်း ရှမ်းပြည်တောင်ပိုင်း၊ ဗန်းမတ်ဒေသသို့ အဓိက ဝင်ပေါက်ဖြစ်သော နောင်ထောဝ်၊ ဟိုနမ်း၊ ထီဟန်းခြွီရွာတို့တွင် စစ်ကောင်စီနှင့် PNO အင်အားအများအပြား ဖြည့်နေပြီး ဗန်းမတ်ကို ထိုးစစ်ဆင်လာမည် စိုးရိမ်ကြသောကြောင့် ဒေသခံများ ကြိုရှောင်နေကြခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
” PNO က အင်အားဖြည့်နေတယ်။ တိုက်ပွဲဖြစ်မှာ ကြောက်ကြတော့ ရွာသားတွေ ကြောက်လန့်ပြီး ကြိုရှောင်ကြတာ။ တော်ထဲမှာပဲ ရှောင်ကြတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဗန်းမတ်ဒေသသည် ပအိုဝ်းအမျိုးသား လွတ်မြှောက်ရေးတပ်မတော် PNLA ထိန်းချုပ်ဒေသ ဖြစ်သည်။
ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို ဩဂုတ် ၇ ရက်တွင် စစ်ကောင်စီနှင့် PNO တို့ ပြန်လည် ထိန်း ချုပ်ထားနိုင်ခဲ့ပြီး မောက်မယ်ကဒူးကြီး – ဆီဆိုင်မြို့နယ်၊ နောင်ထောဝ် ကားလမ်းများကို သစ်ပင်ကြီးများ ခုတ်လှဲပြီး ပိတ်ထားလိုက်ကြောင်း ရွာများက ပြောသည်။
#MeKongNews
#စစ်ကောင်စီ
#PNO
#ဗန်းမတ်
#စစ်ကြောင်းထိုး








