မဲခေါင်၊ ဒီဇင်ဘာ ၂၄
ညောင်ရွှေမြို့နယ်တောင်ပိုင်း၊ ဘန်းပြင်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများက စစ်ကောင်စီ လက်အောက်ခံ PNO – ပြည်သူ့စစ်အတွက် နေ့စဉ် ထမင်းချက် ပို့ပေးနေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ထိုသို့ ပို့ရန်တစ်အိမ် ထမင်းအထုပ် ၂၀ ချက်ပေးရသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။
“တစ်ရွာပြီးတစ်ရွာ အလှည့်ကျ ချက်ပို့ပေးရတယ်၊ ရွာတိုင်း တစ်ပတ်ကို ၃ ရက်ချက်ပေးရတယ်။ ရက်တိုင်း တစ်အိမ်ကို ထမင်းထုပ် ၂၀ ချက်ပေးရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့သို့ ပို့ပေးရသည့် ကျေးရွာများမှာ ဘန်းပြင်အုပ်စုရှိ လွယ်လုံ၊ စင်းလိတ်၊ ပန်ကန်း၊ ပန်းပုံ၊ လုဲင်းလောင်း၊ ဖါရပ်၊ စင်းလိတ် စသည့် ကျေးရွာများဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“ဒီဒေသက ညောင်ရွှေမြို့နယ်ထဲမှာ အဆင်းရဲဆုံးဒေသလို့ ပြောလို့ရတယ်။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ လူတွေလည်း အများကြီး။ ဒါကို အိမ်တိုင်းစေ့ လူ၂၀ စာလည်း ချက်ပေးရ တစ်လ ၃ သောင်းကလည်း ဆက်ကြေး ပေး ရသေးတယ် ဆိုတော့ မတရားအနိုင်ကျင့် ခံရနေတာပေါ့ဗျာ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဘန်းပြင်ကျေးရွာအုပ်စုသည် ကရင်နီပြည်နှင့် ဆက်စပ်သည့် နယ်မြေဖြစ်ပြီး PNO အများအပြား တပ်စွဲထားသည့် နယ်မြေလည်း ဖြစ်သည်။
PNO ယခင်က တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ဖူးသော်လည်း ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် အပစ်ရပ်ကာ ၂၀၀၉ ခုနှစ်တွင် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ် နှင့်အတူ တော်လှန်ရေး တပ်ဖွဲ့များကို တိုက်ခိုက်နေသည်။
#MeKongNews
#ညောင်ရွှေ
#PNO
#ထမင်းထုပ်
#ချက်ပို့








