မဲခေါင်၊ ဒီဇင်ဘာ ၁၉
ရှမ်းမြောက်ရှိ TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကန့်ကွက်သည့် စာများကပ်၍ ဆန္ဒပြမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဆန္ဒပြရာတွင် ပါဝင်သူများကို မသိရသော်လည်း ကွတ်ခိုင်မြို့အဝင် ဆိုင်းဘုတ်ရှိသည့် လမ်းဘေးတွင် ကန့်ကွက်စာများ ကပ်ထားခြင်းဖြစ်သည်။
ယင်းကန့်ကွက်စာများတွင် “ဖက်ဆစ် လူသတ် မုဒိန်းကောင်တွေရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ ၊ NO VOTE ON FACAIST ELECTION” ဆိုသည့် စာသားများ ဖော်ပြထားသည်။
“ဘယ်သူတွေ လုပ်တယ်ဆိုတာ မသိပါဘူး၊ ဖမ်းတယ် ဆီးတယ်လည်း မကြားပါဘူး ၊ ဒီမှာက အရင်ကတည်းက စစ်တပ်ကို မကြည်တာ ဟိုးအရင် ခလရ ၄၅ လက်ထက်ကတည်းကပဲ။ ဒီမှာက အရင်က ကချင်များတယ်လေ”ဟု ကွတ်ခိုင် (၂) ရပ်ကွက် နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ကွတ်ခိုင်မြို့သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိဟု ကြေညာထားသည့် ၅၆ မြို့နယ်တွင် ပါဝင်သည်။
ကွတ်ခိုင်မြို့ပေါ်တွင် ရပ်ကွက် ၆ ခုရှိပြီး ကချင်နှင့် တရုတ်အများစု နေထိုင်ကာ ၁၀၂၇ စစ်ဆင်ရေးတွင် TNLA နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ပြီးနောက် လက်ရှိတွင် TNLA က ထိန်းချုပ်ထားသည့်မြို့ ဖြစ်သည်။
#MeKongNews
#TNLA
#ကွတ်ခိုင်
#စစ်ကောင်စီ
#ရွေးကောက်ပွဲ
#ဆန္ဒပြ








