မဲခေါင်၊ ဒီဇင်ဘာ ၁၂
စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်၊ လွယ်အွန်း ကျေးရွာအုပ်စုတွင် ဆက်ကြေး တစ်အိမ် ၃ သောင်းခွဲကျပ် ထပ်မံ တောင်းခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဆက်ကြေးများကို PNO အဖွဲ့မှ ကျေးရွာအုပ်စု တာဝန်ခံ ထွက်ပညာဆိုသူ ဦးဆောင်ပြီး စစ်ကောင်စီ နှင့် PNO အတွက် ထောက်ပံ့ကြေးဟု အကြောင်းပြကာ ထပ်မံကောက်ခံခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာတွင်လည်း ရှမ်းပြည်တောင်ပိုင်းရှိ လွယ်အွန်း ကျေးရွာအုပ်စုတွင် တစ်အိမ် ၅ သောင်းကျပ် PNO က ဆက်ကြေး တောင်းခဲ့သေးသည်။
“ပြီးခဲ့တဲ့လက ၅ သောင်း ဒီလက ၃ သောင်းခွဲ ထည့်ရတယ်။ ပြောရရင် ဒီလက ကောက်တာ အနည်ဆုံးလို့ ပြောရမယ်။ လူထုအတွက်က ၃ သောင်းခွဲ ဆိုတာကလည်း တစ်ရက် ရှာလို့မရပါဘူး။ လတိုင်း အကြောင်း အမျိုးမျိုးပြပြီး ကောက်နေတယ်” ဟု လွယ်အွန်း ဒေသခံတစ်ဦးက ဆိုသည်။
ယင်းကျေးရွာအုပ်စုတွင် PNO က မကြာခဏ ဆက်ကြေး တောင်းနေပြီး ၎င်းတို့ ခန့်ထားသည့် ကျေးရွာ အုပ်စုမှူးများက အထက်က ခိုင်းထားသည်ထက် ပိုတောင်းလေ့ ရှိကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“PNO ဗဟိုက တစ်အိမ် ၃ သောင်း ကောက်ခိုင်းရင် မြို့နယ်မှူးတွေ၊ အုပ်စုမှူးတွေက သူတို့အတွက်ပါ ကျန်အောင် ပိုကောက်ကြတယ်။ လုပ်စားကြတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အုပ်စုမှူးတွေရဲ့ မိန်းမတွေ၊ ဗိုလ်မှူးတွေရဲ့ မိန်းမတွေဆို ဆွဲကြိုးတွေ ပိုများလာတယ်ဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းကျေးရွာအုပ်စုတွင် လွယ်အွန်း၊ နောင်ခုံး၊ နောင်တောင်း၊ စခွီ၊ ထီကတူ၊ လွယ်စင်း၊ မန်းကျောင်း၊ လုံထွိုင်း၊ ဟမ်းကြို စသည့် ကျေးရွာများ ပါဝင်ကာ လူဦးရေ ၇ ထောင်ကျော် ရှိသည်။
PNO သည် ယခင်က စစ်အာဏာရှင်ကို တော်လှန်သည့် တပ်ဖွဲ့ ဖြစ်ခဲ့ဖူးသော်လည်း ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် အပစ်ရပ်ကာ ၂၀၀၉ ခုနှစ်တွင် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အသွင်ပြောင်းလဲခဲ့သည်။
ထိုသို့ ပြောင်းလဲ ဖွဲ့စည်းပြီးနောက် ဦးအောင်ခမ်းထီက PNO ပြည်သူ့စစ်၏ နိုင်ငံရေးကော်မတီနှင့် စစ်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူကာ တော်လှန်ရေး တပ်ဖွဲ့များကို စစ်ကောင်စီ နှင့်အတူ လက်ရှိ အချိန်ထိ တိုက်ခိုက်လျက်ရှိသည်။
#MeKongNews
#ဟိုပုံး
#လွယ်အွန်း
#PNO
#ဆက်ကြေး







