မဲခေါင်၊ ဒီဇင်ဘာ ၁၂
ရှမ်းတောင်၊ ဘော်ဆိုင်းမြို့၊ ကံဦးရပ်ကွက် အတွင်း သတ္တုတူးနေသဖြင့် အနီးဝန်းကျင်ရှိ နေအိမ်များ အန္တရာယ်ရှိမည်ကို ရပ်ကွက်နေသူများ စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ဦးလိူင်မင်း ဆိုသူ ပိုင်ဆိုင်သော မြေကွက်၌ သတ္တုကြောရှိရာကို လိုက်တူးနေသောကြောင့် ၎င်းတို့၏ ခြံဝိုင်းနှင့် နေအိမ်များ မြေပြို၊ မြေကျွံမည်ကို အထူး စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
“သူတို့တူးနေတာ တစ်နှစ်ကျော်ပြီ။ တာဝန်ရှိသူတွေ ယခုအချိန်ထိ လာရောက် စစ်ဆေးတားမြစ်ခြင်း မရှိသေးဘူး၊ အမြန်လာရောက် တားဆီး အရေးယူဖို့ လိုအပ်တယ်။ သတ္တုကြော ရှိတဲ့ဖက်ကို လိုက်တူးနေတာ တစ်ခါတလေ ကိုယ့်ခြံဝိုင်းထဲကို လမ်းလျှောက်ရင်တောင် မြေပြိုမှာ ကြောက်ရတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
သတ္တုတူးနေသော ဦးလိူင်မင်းသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခု သူတူးတာက အုပ်ချုပ်ရေးမှူးတွေ၊ တာဝန်ရှိသူတွေကို ပိုက်ဆံ သိန်းဆယ်ချီ လာဘ်ထိုးပြီး တူးနေတာ။ အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ ပိုက်ဆံရတော့ ဘာမှမပြောဘဲ တိတ်နေတာ”ဟု ၎င်းက ဆက်ပြောသည်။
ဘော်ဆိုင်းဒေသတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် သတ္တုတူးဖော်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြပြီး တရုတ်များလည်း လာရောက် ရင်းနှီးမြုပ်နှံမှု များလာကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် အဆိုပါ လုပ်ကွက်များ၌ သတ္တုတူးဖော်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိရာ မလိုလားအပ်သော ဘေးအန္တရာယ်များ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပြီး တားမြစ်ရန် ဒေသခံ ပြည်သူများက လိုလားနေသည်။
ယင်းကဲ့သို့ သတ္တုတူးဖော်မှု များလာခြင်းကြောင့် ဘော်ဆိုင်းဒေသတွင် ရာသီဥတု ဖောက်ပြန်လာပြီး နွေရာသီတွင် ရေရှားပါးမှုနှင့် ကြုံတွေ့လာရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂ ၄ခုနှစ် မေလတွင် ဘော်ဆိုင်းမြို့၊ ကံသာရပ်ကွက်တွင် တရားမဝင် သတ္တုလာတူးသော တရုတ်နိုင်ငံသား သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ပြည်နှင်ဒဏ် ပေးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ဘော်ဆိုင်း
#သတ္တုတူး
#ဒေသခံ
#စိုးရိမ်








