မဲခေါင်၊ ဒီဇင်ဘာ ၁၀
သီပေါ – လားရှိုးကြားရှိ စဥ့်အင်တံတား ကြမ်းခင်းများ ပျက်စီးနေသဖြင့် ယနေ့ ဒီဇင်ဘာ ၁၀ ရက်မှ စတင်၍ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယင်းတံတားပြင်ဆင်ချိန် ၃ ရက်ခန့် ကြာမြင့်နိုင်ပြီး ယင်းအချိန်အတွင်း ကားငယ်များကို စဥ့်အင်ဖောင်ဆိပ် မှတစ်ဆင့် သယ်ယူ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။
“စပြင်နေပါပြီ၊ သီပေါ တံတားကလည်း မဖွင့်သေး၊ အခု စဥ့်အင် ထပ်ပြင်မယ် ဆိုတော့ အချိန်ပိုငွေပို ကုန်ဦးမှာပေါ့။ တာလုံဖောင်ကလည်း ကျောက်မဲကျားဖြန့် ဖြစ်တဲ့နေ့ကတည်းက ပိတ်လိုက်တာ”ဟု ၎င်းက ပြောသည် ။
စဥ့်အင်တံတားမှာ ဖြတ်သန်းခ မပေးရသော်လည်း ဖောင်ဖြင့်ကူးပါက ကားငယ်တစ်စီး ၂ သောင်းကျပ် ပေးရသည်ဟု ဆိုသည်။
ခရီးသည်ကားများ အနေဖြင့် သီပေါတံတား ဖြတ်မရ၍ လှေဖြင့်ကူးပြီး ဖြေရှင်းနေကြသည်ဟု သိရသည်။
“ခရီးသည်တစ်ဦး တစ်သောင်း၊ ကားဆရာဆို ၅ ထောင်နဲ့ ဟိုဘက်ဒီဘက် အကြိုအပို့ လုပ်ရတယ်၊ ဒီလှေဆိပ် ကူးလို့ရလို့ မန္တလေး – လားရှိူး တစ်ရက်ထဲ ပေါက်တယ်”ဟု ကားသမားတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းလှေဆိပ်မှာ သီပေါမြို့မှ ၁၀ မိနစ်ခန့် မောင်းရပြီး တံတားအနီးမှာပင် ရှိကြောင်း သိရသည်။
“သီပေါတံတားက ကိုးကန့်တွေ မရှိမှ ဖွင့်မယ်ဆိုတော့ ဖွင့်ဖို့ မလွယ်တော့ပါဘူး။ လူနာတွေတော့ တံတားပေါ်က ဖြတ်ရပေမယ့် ခရီးသည်တွေ ပေးမဖြတ်ဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။
မန္တလေး – လားရှိုး၊ ပြည်ထောင်စုလမ်းတွင် လက်ရှိ အနေအထားအရ မန္တလေးမှ သီပေါအထိ ကားဖြင့်လာပြီး ဒုဌဝတီမြစ်ကို ခရီးသည်များ လှေဖြင့်ကူးကာ တဖက်ကမ်းတွင် လာကြိုသည့် ယာဥ်ဖြင့် စဥ့်အင်တံတား ပြင်ဆင်နေစဥ် ဖောင်ဖြင့်ကူးပြီး လားရှိုးဘက် သွားရမည်ဖြစ်ကြောင်း သိရသည်။
#MeKongNews
#စဉ့်အင်တံတား
#ကြမ်းခင်းများ
#ပြင်ဆင်
#သီပေါ








