မဲခေါင်၊ ဒီဇင်ဘာ ၅
စစ်ကောင်စီက ထိုးစစ်ဆင်ပြီး ပြန်လည် သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ကျေးရွာအချို့၌ စစ်မှုထမ်း စတင် ခေါ်ယူနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဒီဇင်ဘာ ၁ ရက် နှင့် ၂ ရက် တွင် နောင်ချိုမြို့နယ်ရှိ နောင်တော၊ လက်ပံကုန်း စသည့်ကျေးရွာများသို့ စစ်ကောင်စီတပ် ဝင်ရောက်လာကာ စစ်မှုထမ်း ခေါ်ယူမည်ဟု ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စစ်ကောင်စီတွေက ရွာထဲဝင်လာပြီး လူဦးရေ နည်းများအလိုက် စစ်မှုထမ်းသွားရမယ်၊ အလှည့်ကျ အသက်ပြည့်တဲ့ သူတွေ မဲနှိုက်ရမယ်၊ အနည်းဆုံး တစ်ရွာကို ၅ ယောက်၊ ဒါမှမဟုတ် ၆ ယောက် သွားရမယ်လို့ ပြောသွားတယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် ကျေးရွာအုပ်စုအလိုက် စစ်မှုထမ်း စာရင်းများဖြင့် မဲပေါက်သူများ မသွားမနေရ သွားရမည်ဟု ပြောဆိုနေကြောင်း သိရသည်။
“မဲပေါက်တဲ့ သူတွေက မသွားမနေရ သွားရမယ်လို့ ပြောသွားတယ်။ ရွာထဲကို ဝင်တာလည်း တချို့အိမ်တွေဆို သူတို့ မွှေနှောက် ရှာဖွေတာတွေလည်း လုပ်သွားတယ်။ သူတို့ အဲလိုလုပ်တော့ အခု ယောင်္ကျားလေးတွေဆို ကြောက်ပြီး ပြည်ပထွက်ဖို့ လုပ်နေကြတာလည်း များလာတယ်”ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ခဲ့သည့် နောင်ချိုကို စစ်ကောင်စီက ထိုးစစ်ဆင်ကာ ပြီးခဲ့သည့် ဇူလိုင်လတွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လက်ရှိတွင် စစ်မှုထမ်းပါ စတင် ခေါ်ယူလာခြင်းဖြစ်သည်။
#MeKongNews
#နောင်ချို
#စစ်ကောင်စီ
#စစ်မှုထမ်း
#TNLA








