မဲခေါင်၊ ဒီဇင်ဘာ ၃
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်း တိုက်နယ်ဆေးရုံတွင် အများပြည်သူ လှူဒါန်းထားသော ဆေးပဒေသာအလှူငွေ ကျပ်သိန်း ၁၀၀ ကျော်ကို ရှင်းတမ်း မပြသည်မှာ ၃ နှစ်နီးပါး ရှိလာပြီဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
ယင်းငွေများသည် စစ်ကောင်စီ လက်အောက်ခံ ယခင် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် လက်ထက်မှစ၍ ဘော်ဆိုင်းအုပ်စု ကျေးရွာ ၂၅ ရွာမှ ပြည်သူများ ထည့်ဝင်ထားသော ငွေများဖြစ်ကြောင်း ၎င်းက ပြောသည်။
“အများပိုင်ငွေဖြစ်လို့ ရှင်းတမ်းက ထုတ်ပေးပြီး ချပြရမှာပါ၊ အနည်းဆုံးတော့ ကျနော်တို့ ကျေးရွာသူကြီးတွေကို ရှင်းတမ်း ထုတ်ပြသင့်ပါတယ်။ အခုဟာက ဘယ်လိုသုံးပြီး ဘယ်လောက်ရလို့ ဘယ်လောက်ရှိမှန် းမသိဘူး။ ကောက်တုန်းက တစ်အိမ်ထောင် ၂ ထောင်ကျပ် နှုန်းနဲ့ ကောက်ထားတာ”ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ပြောသည်။
ယင်းငွေများကို ဘော်ဆိုင်း တိုက်နယ် ဆေးရုံမှ ဘဏ္ဍာရေးမှူးက တာဝန်ယူ ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်ပြောသည်။
“အဓိက ရှင်းတမ်း မထုတ်လို့ပေါ့၊ ပြည်သူ လှူထားပေးတဲ့ငွေတွေ ဖြစ်တဲ့အတွက် မဆိုင်တဲ့နေရာမှာ သုံးလို့မရဘူး။ အစည်းဝေးထိုင်ခိုင်း ရှင်းခိုင်းလဲ မရှင်းကြဘူး”ဟု ၎င်းက ဆိုသည်။
ဘော်ဆိုင်း တိုက်နယ်ဆေးရုံသည် NLD အစိုးရ လက်ထက်တွင် ရှမ်းပြည်နယ်အတွင်း အကောင်းဆုံး တိုက်နယ်ဆေးရုံဆုကို ရရှိထားသော်လည်း၊ လက်ရှိအချိန်တွင် ကုန်ကျစရိတ် အမြင့်ဆုံး ပေးနေရသဖြင့် ပြည်သူများ၊ လူနာရှင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းကဲ့သို့ ကုသမှုစရိတ် ကြီးမြင့်ခြင်းကြောင့် လူနာများမှာ ဘော်ဆိုင်းဆေးရုံတွင် မကုသတော့ဘဲ ပင်းတယဆေးရုံနှင့် မိုင်းအင်ဆေးရုံတို့တွင် သွားရောက် ကုသနေရကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#ဘော်ဆိုင်း
# ပြည်သူလှူဒါန်းငွေ
#စာရင်းမပြ
#ကလော








