မဲခေါင်၊ ဒီဇင်ဘာ ၁
ကလောနှင့်သာစည်နယ်စပ် မှာရှိသည့် ရွှေမင်းဖုန်း ရွှေလုပ်ကွက်တွင် တူးဖော်နေသည့် တွင်းတစ်တွင်း ပြိုကျသဖြင့် တွင်းလုပ်သားများ ပိမိနေကြောင်း ယင်းရွှေလုပ်ကွက် သတင်းရင်းမြစ်များထံမှ သိရသည်။
ကလောမြို့၏အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး ယင်းမာပင်ရဲစခန်းအပိုင်အတွင်း ရှိသည့် ရွှေဗြုံးကျင်းတစ်ခုသည် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပြိုကျခဲ့ခြင်းဖြစ်ပြီး တွင်းလုပ်သားအနည်းဆုံး ၃ ဦးမှ ၅ ဦးအထိ ပိမိနေခြင်းဖြစ်ကြောင်း ရွှေလုပ်ကွက်နှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“ကိုဝင်းစိုး ၂၆ နှစ် တစ်ယောက်တော့ အလောင်းရပြီ။ ယင်းမာပင်ဆေးရုံကနေ အောင်ပန်းကို ပြန်ယူပြီး သင်္ဂြိုလ်တယ်။ အခုထပ်ပြီးတစ်လောင်းရတာ အောင်ပန်းပဲပြန်ယူမယ်။ ကျန်တဲ့သူတွေကိုလည်း ဆက်ဖော်နေတယ်” ဟု ၎င်းက ယနေ့ ဒီဇင်ဘာ ၁ ရက်တွင်ပြောသည်။
ကိုဝင်းစိုး ၂၆ နှစ်၏ ရုပ်ကလာပ်ကို အောင် ပန်းရှိ မင်းဂူသုဿန်တွင် ယမန်နေ့ နိုဝင်ဘာ ၃၀ က သင်္ဂြိုလ်ခဲ့ပြီး ထပ်မံ၍ လုပ်သားတစ်ဦး၏ အလောင်းတွေ့ရှိခဲ့သဖြင့် ယင်းမာပင်ဆေးရုံသို့ ပို့ထားကြောင်း သိရသည်။
ယင်းရွှေမင်းဖုန်းလုပ်ကွက်သို့ အသွားမှာ ကားလမ်းကြမ်းသော်လည်း ကလောဘက်မှ သွား၍ရသလို ယင်းမာပင်ဘက်မှလည်းသွား၍ရကြောင်း၊ ရထားလမ်းဆိုပါက ခွေးရုပ်ဘူတာမှ သွားနိုင်ကြောင်း သိရသည်။
ရွှေကြောကိုရှာဖွေတူးဖော်ရသည့် မြေတွင်းများသည် တွင်းရှည်လျင် ရှည်သလောက် လုပ်သားအသုံးပြုရပြီး သဘာဝဘေးဒဏ်ကြောင့် တွင်းပြိုတတ်သလို လှိုဏ်ခေါင်းထုတ်တန်းတိုင်များ မခိုင်ခန့်သည်များအပြင် တွင်းလှိုဏ်ဖောက်ရာတွင် ယမ်းခွဲဖောက်ရာက အခန့်မသင့်၍ တွင်းပြိုကျရသည်များရှိတတ်ကြောင်း သိရသည်။
ယခု တွင်းပြိုရသည့် အကြောင်းရင်းနှင့် တူးဖော်နေသည့်အခြေအနေကို မဲခေါင်အနေဖြင့် ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
#MeKongNews
#ကလောမြို့
#ရွှေမင်းဖုန်း
#ရွှေလုပ်ကွက်
#ရွှေတွင်း
#တွင်းပြို








