မဲခေါင်၊ နိုဝင်ဘာ ၃၀
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ပေါ်၌ရှိသည့် ကေတီဗီ၊ ဘားနှင့် စားသောက်ဆိုင်များတွင် မူးယစ်ဆေးမျိုးစုံ တရားဝင်သဖွယ် ရရှိနေသော်လည်း အုပ်ချုပ်ရေးပိုင်းက လာဘ်ငွေယူပြီး မသိချင်ယောင်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းအတွက် လူကြီး၊ လူငယ်အများစု ပျက်စီးလာနေသဖြင့် ဒေသခံများလက်မခံဘဲ ကန့်ကွက်နေကြောင်း သိရသည်။
“ဌာနဆိုင်ရာတွေသိနေတယ်၊ သိနေပေမယ့် လာဘ်ငွေယူထားပြီး မသိသလို နေနေတာပါ။ ပိုဆိုးတာက ခရိုင်ဒနက ရဲအုပ်ဇော်လင်းထွန်းက တရာဝင် ခွင့်ပြုပေးနေတာပါ။ မိုင်းဆတ်မြို့က အခုဆိုရင် လူငယ်တွေဟာ မူးယစ်ဆေးဝါးများ အလွယ်တကူရနေတော့ ပျက်နေပါပြီ။ ပျက်စီးတာ အများစုက အရွယ်ရောက်တဲ့ မိန်းကလေးတွေရယ် အိမ်ထောင်ရှင် အမျိုးသားတွေပါမကျန် ပျက်စီးစပြုနေတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
မိုင်းဆတ်မြို့ပေါ်တွင် နမ့်ကျန်း၌ ‘အိုင်ဒေါKTV ‘နှင့် ကုန်းကလား၌ ‘အခါ Star KTV’ ရှိပြီး ဂေါက်ကွင်းသွားလမ်း၌ ‘ဂျိုကာ Bar’ ရှိကာ မူးယစ်ဆေးမျိုးစုံ အလွယ်တကူ ရနေသည်ဟု ၎င်းက ပြော သည်။
ထို့ပြင် မိုင်းဆတ်မြို့ပေါ်၌ ဘိန်းစာရွက်မှ ချက်ထားသည့် ‘ကထော’ ခေါ် မူးယစ်အရည်တစ်မျိုးကို ပရိုမိုးရှင်းအနေဖြင့် တစ်ဗူးဝယ် တစ်ဗူးအပိုပေးသည်အထိ အပြိုင်အဆိုင် ရောင်းချလာနေကြကြောင်း သိရသည်။
“ဟိုပန်ဟိုရွက် ဘိန်းစာရွက် စိုက်ခင်းက အဓိကထွက်တာ၊ အဲဒါကိုချက်ပြီး ရလာတဲ့အရည်ကိုမှ ထိုင်းကလာတဲ့ ချောင်းဆိုးဆေးအရည်နဲ့ ဘိန်းစာပြုတ်ရည် တစ်ကီလိုကို လီတာဘယ်လောက် ဆိုပြီး စပ်ရောင်းတာ။ တချို့က လိမ္မော်ရည်တို့ ဘာတို့နဲ့စပ်သောက်တယ်၊ တကယ် ချတဲ့သူတွေက ထိုင်း Singha ဘီယာနဲ့မှ ချတာ။ ကထော တစ်ဗူးနှစ်ဗူး ချနိုင်ကြတယ်”ဟု မိုင်းဆတ် ဒေသခံတစ်ဦးက ပြောသည်။
မိုင်းဆတ်၌ ကထောရသည့် ဆိုင်များတွင် တစ်ဗူးလျှင် ထိုင်းဘတ်ငွေ ၁၀၀ ဖြင့် ရနိုင်ပြီး ယင်းသို့ ရောင်းနိုင်ရန် တာဝန်ရှိ အုပ်ချုပ်ရေးပိုင်းမှ ခွင့်ပြုပေးနေသဖြင့် တရားဝင်သဖွယ် ရောင်းချနေကြကြောင်း သိရသည်။
#MeKongNews
#မိုင်းဆတ်
#ကေတီဗီ
#မူးယစ်ဆေး
#အုပ်ချုပ်ရေး








