မဲခေါင်၊ နိုဝင်ဘာ ၂၉
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။
ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို မြေကြီးပေါ်ချရာ၌ ကားသမားများ ကိုယ်တိုင်ချရပြီး ကားပေါ်ပြန်တင်ရာတွင်လည်း ကိုယ်တိုင်တင်ရသဖြင့် အချိန်များစွာ ကြာမြင့်ကာ ခရီးစဉ် နှောင့်နှေးကြောင်းလည်း ကုန်ကားသမားများထံမှ သိရသည်။
“၁၂ ဘီးကားကြီးတွေဆို ကားပေါ်ပါသမျှ မြေကြီးပေါ်ချရတယ်၊ တင်တဲ့အခါလည်း ကားဆရာတွေ ကိုယ်တိုင်ပဲတင်ရတယ်။ သူတို့က အိတ်တိုင်းကို ဖောက်စစ်နေတာ အချိန်တွေ အရမ်းကြာတယ်။ ကုန်ပစ္စည်းပြန်တင်ဖို့ လူငှားရင်လည်း တစ်စီးကို သုံးလေးသိန်း ပေးရတော့ ကုန်ကျစရိတ်က များတယ်လေ။ ကားပေါ် တက်စစ်တာမျိုးဆို ဟုတ်သေးတယ်။ အခုက ကုန်ပစ္စည်းတွေ အကုန်ချပြီး စစ်တာမျိုးကျ တမင်သက်သက် ညစ်နေသလိုမျိုးပဲဗျ”ဟု ကားသမားတစ်ဦးက ပြောသည်။
ယင်းဂိတ်၌ မူဆယ်နှင့် တာချီလိတ်မှတစ်ဆင့် တရားမဝင်ကုန်များ ဝင်လာသည်ဟု အကြောင်းပြကာ စစ်ဆေးနေသော်လည်း နည်းလမ်းများ စနစ်မကျသဖြင့် အချိန်များစွာ နှောင့်နှေးစေကြောင်းလည်း ကုန်သည်များက ပြောသည်။
ယင်းကြောင့် အချိန်ကြာမြင့်ကာ ကုန်တင်ကားများလည်း ပွန်ချောင်းဘေးတွင် တန်းစီ စောင့်ဆိုင်းနေရသည်ကို တွေ့ရကြောင်း မိုင်းပွန် ဒေသခံတစ်ဦးက ပြောသည်။
“အဲလို ကုန်ကို တင်လိုက်ချလိုက် သူတို့စစ်ဆေးတာကို စောင့်လိုက်ဆိုတော့ အဲဒီ မိုင်းပွန်မှာကိုပဲ ညအိပ်ရတဲ့ ကားကြီးတွေလည်း အများကြီးပဲ။ မနေ့က လမ်းဘေးမှာ ကားတွေက အစစ်ခံဖို့ တန်းစီထားတာ အများကြီးပဲ” ဟု ၎င်းက ဆိုသည်။
ယင်းစစ်ဆေးမှုများက ကုန်သည်များကို တမင် ဒုက္ခပေးသကဲ့သို့ ဖြစ်နေပြီး ကုန်များ သတ်မှတ်နေရာသို့ အချိန်မီ မရောက်နိုင်တော့ကြောင်းလည်း ကုန်သည်တစ်ဦးက ပြောသည်။
“ပြည်သူကို ဘယ်လိုကူညီရမယ်၊ ကုန်စည်စီးဆင်းမှု မြန်အောင် လုပ်ရမယ်ဆိုတာကို သူတို့က တွေးပုံမပေါ် ဘူး။ ကုန်တွေနောက်ကျ ပြဿနာတွေကတက်နဲ့ ခံရတော့ ကုန်သည်တွေပဲဗျာ” ဟု ၎င်းက ပြောသည်။
ယင်းဂိတ်သည် ပရိုဘောက်စသည့် ကားငယ်များအားလည်း ကုန်ပစ္စည်းများကို သံချွန်ဖြင့်ထိုးကာ စစ်ဆေးနေခြင်းကြောင့် ကုန်ပစ္စည်းထိခိုက် ပျက်စီးမှုများရှိကြောင်းလည်း ကားသမားများထံမှ သိရသည်။
#MeKongNews
#မိုင်းပွန်ဂိတ်
#ကုန်ကားများ
#စစ်ကောင်စီ
#ဒုက္ခပေး








