မဲခေါင်၊ နိုဝင်ဘာ ၂၉
ပြီးခဲ့သည့် ဧပြီလတွင် တရုတ်အားကိုးဖြင့် မြို့ပေါ် ၁၂ ရပ်ကွက်သာ ပြန်ရခဲ့သည့် လားရှိုးမြို့ရှိ အရှေမြောက်တိုင်းစစ်ဌာချုပ် – ရမခ တွင် ယနေ့ နိုဝင်ဘာ ၂၉ ရက် မှစပြီး စစ်တိုင်းမှူးအဆင့် ပြန်ထိုင်ပြီဖြစ်ကြောင်း စစ်ရေးအကဲခတ်များထံမှ သိရသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် စစ်ရှုံး၍ ဆုတ်ခွာခဲ့ရသည့် လားရှိုးကို ဧပြီလက ပြန်လည်ရရှိပြီးနောက် ၇ လ အကြာတွင် ရမခစစ်တိုင်းကို လက်ရှိတိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦး ပြန်လည်ရောက်ရှိ ရုံးထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့အပြင် မူဆယ်က စရဖ တပ်ဖွဲ့လည်း ပြန်ဝင်မယ်သိရတယ်။ လားရှိူး ဘေးကာတပ်တွေလည်း ပြောင်းနေတယ်” ဟု စစ်ရေးအကဲခတ်က ပြောသည်။
၎င်းသည် OTS 94 ကျောင်းဆင်းဖြစ်ပြီး ယခင် ပြင်ဦးလွင် တနတ ကျောင်းအုပ်ကြီးအဖြစ်မှ ပြောင်းရွှေ့လာသူ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လားရှိုး၌ တက္ကသိုလ် ပြန်ဖွင့်နေပြီး လေဆိပ်လည်း ပြန်ဖွင့်မည်ဖြစ်ကာ MNDAA ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ရှိနေကြောင်း သိရသည်။
ရမခအနေဖြင့် ယခင်က စစ်တိုင်းတစ်တိုင်းလုံးနီးပါးကျသွားပြီးနောက် MNDAA ထံမှ လားရှိုး၊ TNLA ထံမှ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲနှင့် သီပေါတို့ကို ပြန်လည် ရရှိလာခဲ့ခြင်းဖြစ်သည်။
ထို့နောက် လားရှိုးတောင်ဘက်၊ သီပေါမြို့ကို ပြန်လည် သိမ်းပိုက်ထားသည့် စကခ – ၁၂ နေရာတွင်လည်း ရမခတိုင်း လက်အောက်ခံ ခမရ – ၅၀၆၊ ခလရ – ၁၁၄ နှင့် ၁၁၅ တို့ ဝင်ရောက်လာပြီး စစ်အင်အားများ ပြောင်းလဲ ဖြည့်တင်းနေကြောင်း သိရသည်။
MNDAA ဘက်ကမူ ဟိုယဘက်တွင် တပ်များ အပြောင်းအလဲ လုပ်နေပြီး ပြီးခဲ့သည့်ရက် ညပိုင်းက ပစ်ခတ်သံများ ကြားရသည့် သတင်းရရှိသော်လည်း အတည်ပြုနိုင်ရန် စုံစမ်းဆဲဖြစ်သည်။
“နိုဝင်ဘာ ၂၇ ရက် ည ၉ နာရီ ၄မိနစ်ခန့်က MNDAA ထိန်းချုပ်ထားဆဲဖြစ်တဲ့ လားရှိုး – မိုင်းရယ်ကြားရှိ ဟိုယကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံတွေ အပြင်ထွက်ဖို့ အခက်အခဲကြောင့် ပစ်ခတ်မှု ဖြစ်ပွားတဲ့ အကြောင်းအရင်းနဲ့ ထိခိုက်မှု အသေးစိတ် သိရှိဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု မဲခေါင်၏ သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် နိုဝင်ဘာ ၁၄ ရက်ကတည်းက ပိတ်ထားခဲ့သည့် သီပေါတံတားမှာ ယခုတိုင် ယာဥ်အသွားအလာများ ဖြတ်သန်းခွင့် မရရှိသေးသဖြင့် ခရီးသွားပြည်သူများ ဒုက္ခရောက်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက်ကလားရှိုး၊ ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲ အခြေအနေလည်း ပြေလျော့မှုမရှိသေးဘဲ ဆက်လက် တင်းမာနေဆဲဖြစ်သည်။
#MeKongNews
#ကိုးကန့်
#ရမခစစ်တိုင်းမှူး
#ဗိုလ်ချုပ်အေးမင်း
#MNDAA








