မဲခေါင်၊ နိုဝင်ဘာ ၂၇
မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။
ယင်းအကြောင်းပြချက်ဖြင့် စစ်ကောင်စီ ဟိုပုံးတပ်နယ်က ဦးဆောင်ဖမ်းဆီးနေရာ ဧပြီလမှ နို ဝင်ဘာလအထိ ၈ လအတွင်း ယာဉ်အစီးရေ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
“ထိုင်းပစ္စည်းနဲ့ တရုတ်ပစ္စည်းတွေကို သယ်တယ်ဆိုပြီး အကြောင်းပြဖမ်းတာ၊ အဝတ်အစား အသီးအနှံကအစ ဖမ်းနေတယ်။ ဂျပ်ဖာအလွတ် တင်တဲ့ကားလည်း အဖမ်းခံရသေးတယ်။ ဖမ်းထားတာ ၂၀၀ ကျော် ပြီဆိုပေမယ့် ငွေနဲ့ ပြန်လွှတ်ပေးလိုက်တာလည်း ရှိတယ်။ ပြန်မရွေးနိုင်လို့ တရားရုံးနဲ့ ရဲတပ်ဖွဲ့ဆီကို လွှဲပေးလိုက်တာကတော့ ၁၇၀ စီးရှိပြီ”ဟု သတင်းရင်းမြစ်က ဆိုသည်။
လွိုင်လင် – မိုင်းပွန် – ဟိုပုံးလမ်းနှင့် ပင်လုံ – ကျောက်တန်း – ဟိုပုံးလမ်းပေါ်တွင် ဟိုပုံးတပ်နယ်က စစ်ဆေးရေးဂိတ်များ ဖွင့်ကာ ကုန်တင်ယာဉ်များကို ဖမ်းဆီးခြင်း၊ ငွေတောင်း ခြင်းများကို ဟိုပုံးတပ်နယ်မှူးဖြစ်သည့် တကနကျောင်းအုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး ကိုယ်တိုင်ဦးဆောင်နေကြောင်းလည်း နီးစပ်သူများက ပြောသည်။
“ကုန်ကားကြီးတွေဆို ပြန်ရွေးဖို့ ဟိုပုံးတကနကျောင်းအုပ်က သူ့လူတွေကနေ သိန်းငါးရာ တစ်ထောင်ထိ တောင်းတယ်။ မပေးနိုင်ရင်တော့ ကုန်ရောကားရော အရှုံးပေါ့။ ဖမ်းထားတဲ့ထဲမှာ ၆ ဘီး၊ ၁၀ ဘီးတွေက အများစုပဲဆိုတော့ တောင်းလို့ကောင်းတဲ့ သူတို့လုပ်စားခွင် ဖြစ်သွားတာပေါ့”ဟု နီးစပ်သူတစ်ဦးက ဆက်ပြောသည်။
ထို့နောက် ဖမ်းဆီးသည့်ကားများကို ဟိုပုံးရှိ စစ်ကောင်စီ ကွန်ပျုတာနှင့် နည်းပညာသိပ္ပံကျောင်းတွင်းသို့ စုစည်းထားပြီး ကားပေါ်ရှိကုန်များကို စစ်ကောင်စီတပ်က အကုန်လုံး ယူဆောင်ကြကြောင်း သိရသည်။
“ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကဆို ဆိုင်ကယ်အသစ် ၁၆ စီးတင်လာတဲ့ကားတစ်စီးကို ဖမ်းသေးတယ်။ ဆိုင်ကယ်တွေ အကုန်လုံးကို တပ်ကလူတွေ ယူသွားတယ်။ အရင် အပတ်တုန်းကလည်း ကားကြီးနှစ်စီး ကျောင်းထဲကို မောင်းဝင်သွားတာ တွေ့လိုက်တယ်။ ကားအသေးတွေကို ဖမ်းတာ သိပ်မတွေ့ရဘူး။ ကားကြီးတွေက ပိုတောင်းလို့ ကောင်းလို့နေမှာပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။
ယင်းသို့ ကုန်တင်ကားများကို ဖမ်းဆီးကာ ဟိုပုံး တကနကျောင်းတွင်းသို့ မောင်းဝင်သွားသည်ကို မကြာခဏတွေ့ရပြီး ကုန်တင်ကားကြီးများ ဖြစ်ကြောင်းလည်း ဟိုပုံးဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ယခင်က တိုင်းစစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး၊နှစ်ဘက် အပစ်ရပ်ပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
ထို့နောက် ၎င်းကို ဟိုပုံးရှိ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ပြီး ဟိုပုံးနယ်အတွင်း ငွေတောင်းကြမ်းခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသူဖြစ်သည်။
#MeKongNews
#ဟိုပုံး
#ကုန်ကား
#ဖမ်းဆီးငွေရှာ
#ဗိုလ်မှူးချုပ်သန့်ထင်စိုး








